
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းမြို့ကို မေ ၂၇ ရက်ကစပြီး ဝင်လာတဲ့ အင်အားရာနဲ့ချီ စစ်ကောင်စီတပ်က ပစ်သတ်ထားခဲ့တဲ့ အရပ်သား ၄ ယောက်ရဲ့အလောင်း တွေ့ရှိရပြီး တယောက် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းမြို့ကို ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ မေ ၂၈ ရက် မနက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် လမ်းမှာတွေ့တဲ့ အရပ်သား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကို ပစ်သတ်ထားခဲ့တာလို့ ဆိုပါတယ်။
လုံးခင်းမြို့ဒေသခံတယောက်က “အမျိုးသား ၃ ဦးသေတယ်၊ အမျိုးသမီး ၁ ဦးပါတယ်။ အမျိုးသား ၁ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်။ သူ့ကို ဆေးရုံပို့ပေးပြီးပြီ။ အသက်အရွယ်တွေတော့ မသိရဘူး” လို့ DVB ကိုပြောပါတယ်။
သေဆုံးဒဏ်ရာသူတွေဟာ ဘယ်သူတွေဆိုတာ မသိရသေးဘဲ မေ ၂၉ ရက် နေ့လယ်ပိုင်း စစ်ကောင်စီတပ်ထွက်သွားပြီးနောက်မှာမှ အလောင်းတွေကို သွားရောက်သယ်ယူနိုင်ခဲ့ကာ ဒဏ်ရာရသူကိုတော့ လုံးခင်းဆေးရုံ ပို့လိုက်ပြီလို့ဆိုပါတယ်။
လုံးခင်းဒေသခံတယောက်က “နေ့လယ် ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတယ်။ ဖားကန့်ဘက်ကို ဦးတည်ပြီးသွားနေတာ။ သိရတာကတော့ ဖားကန့်ကိုရောက်ပြီ ကြားတယ်။ အင်အား ၂၀၀ ကျော်ပါတယ်။ အခု လုံးခင်းကိုပြန်ဝင် လို့ရပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်တလုံးပေါ်လက်နက်ကြီးကျတာကြောင့် မိသားစုဝင် ၄ ယောက် ပြင်းထန်ဒဏ်ရာရခဲ့သလို တိုက်ပွဲဖြစ်ပွားတဲ့နေရာနားက ဒေသခံတွေ လူသားဒိုင်းအဖြစ်ဖမ်းဆီးတာနဲ့ ဆိုင်တွေကို မွှေနှောက်ပြီး ပစ္စည်းတွေယူသွားတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လုံးခင်းက လက်နက်ကြီးထိတဲ့ လူနာရောက်နေတာ။ တအိမ်လုံးထိတာ။ အမေက လက်ဖြတ်လိုက်ရတယ်။ အဖေက ခြေထောက်၊ ကလေးတွေလည်း ထိထားတယ်။ အိမ်နီးချင်းက ကားပေါ်ကို အဲဒီလူနာအားလုံးတင်ပြီး မောင်းပြေးတာ နောက်ကနေလိုက်ပစ်သေးတယ်” လို့ ဒေသခံက DVB ကို ပြောပါတယ်။
ဖားကန့်မြို့အဝင်က လယ်ပြင်စခန်း၊ မဇွပ်ယာန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်း မျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနဲ့ ဖားကန့်ရဲစခန်းတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။