DVB Logo
Home
မြန်မာသတင်း
မေလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၀ ကျော်ကျူးလွန်ခဲ့ပြီး ကလေးသေဆုံးမှုတိုးလာ
DVB
·
May 29, 2025
မေလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၀ ကျော်ကျူးလွန်ခဲ့ပြီး ကလေးသေဆုံးမှုတိုးလာ
Donate to DVB

စစ်ကောင်စီတပ်က မေလတလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၂၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကလေးငယ် သေဆုံးမှုတွေ ပိုတိုးလာတယ်လို့ DVB က ကောက်ယူရရှိထားတဲ့စာရင်းတွေ အရသိရပါတယ်။

မေ ၁ ရက်မှ မေ ၂၈ ရက်ထိ  စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၂၁၃ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် လူ ၅ ယောက်အထက် သေဆုံးမှုဖြစ်စဉ်တွေမှာ ကလေးငယ် ၄၁ ယောက်ပါဝင်တယ်လို့ DVB ဒေတာအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေ အရသိရပါတယ်။

ဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ရင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ကလေးသူငယ်ဦးရေဟာ ပိုတိုးလာတာပဲဖြစ်ပါတယ်။

မေလ ဒုတိယအပတ်ထဲက ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့တွင်းက ဘန်ကောက်စစ်ရှောင် စခန်းကိုလည်း စစ်ကောင်စီက တတိယကြိမ်မြောက် ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ လာရောက် တိုက်ခိုက်ခဲ့ပါသေးတယ်၊ ဗုံးကြဲချမှုကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ စစ်ရှောင်တစ်ယောက်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“ပေါင် ၅၀၀ နဲ့ လာကြဲတော့ ကလေးကို ဒီအတိုင်းကတုတ်ကျင်းထဲ ပစ်ချပြီးတော့ ကျမကတော့ ရှိသမျှစောင်တွေ အကုန်ယူပြီးတော့ ကတုတ်ကျင်းထဲကိုဝင်လိုက်တာ။ အသံကြားလိုက်ရတယ် နီးနီးလေးပဲ၊ အသံက သိပ်မဝေးဘူး ဒီအနီးအနားတဝိုက်မှာပဲကြားရတာ။ ကလေးက ၄ ယောက်နဲ့ ကျမပဲပေါ့။ ကလေးတွေလည်း ကြာတော့ စိတ်ဒဏ်ရာရနေကြပြီ အခုဆိုကလေးလည်း ကိုယ်ပူနေပြီ။ တအားကြောက်တာပေါ့၊ နားတွေလည်း ပိတ်ထားတာ နေရင်းနဲ့ ကလော်ရင်လည်း နာတယ်။ နောက်ကျောမှာလည်း ပူနေတာ အမြဲတမ်းပဲ. ကားအသံကြားရရင် တကယ့်လေယာဉ်အသံထင်တာ။ လေယာဉ်လား၊ ကားလား နားသေချာစွင့်ထားတာစိတ်လည်း တအား ကြောက်တာ မခံစားနိုင်ဘူး။”

မေလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်   သေဆုံးသူဦးရေ  ၁၈၀ နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ  ၃၉၆ ယောက် ရှိနေတယ်လို့ DVB က ကောက်ယူရရှိထားပါတယ်။

စစ်ကောင်စီက ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်အရယူဖို့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ကျူးလွန်မှုတွေ အတွက် စစ်ကောင်စီကို ဘက်ပေါင်းစုံက အရေးယူဖို့လိုကြောင်း လူ့အခွင့်အရေးကိစ္စရပ်တွေကို မှတ်တမ်းတင် ထုတ်ပြန်နေတဲ့ Fortify Rights က လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောပါတယ်၊

“မြန်မာစစ်တပ်ဟာ မေလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေ ပိုမို လုပ်ဆောင်တာကို တွေ့ရပါတယ်၊ ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာဖိအားတွေ အာဆီယံရဲ့ တိုက်တွန်းချက်တွေနဲ့ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးတွေကိုပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။ တဖက်မှာလည်း ဒီနှစ်ကုန်ပိုင်းမှာ သူတို့ကျင်းပဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲအတွက် သူတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရဖို့နဲ့ တည်ငြိမ်မှုရဖို့ လုပ်ဆောင်နေတာလို့ ယူဆနိုင်ပါတယ်။ ဒီလိုမျိုးမြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားတွေ တိုးမြှင့်ဖို့ တရားဥပဒေအရ အရေးယူမှုတွေတိုးလုပ်ဖို့ အရပ်သားပြည်သူတွေကို  ကာကွယ်ဖို့နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကို ထောက်ခံဖို့ စတဲ့ ဘက်ပေါင်းစုံကနေ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရကတော့ ပြီးခဲ့တဲ့ ဧပြီလထဲမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆၄ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၂၃၃ ယောက် သေဆုံးခဲ့ကာ အသက် ၁၈ အောက်ကလေး ၃၄ ယောက်ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013