DVB Logo
Home
မြန်မာသတင်း
ကနဲလေးစစ်စခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်၊ စစ်ကူစစ်ကြောင်း ချေမှုန်းခံရ
DVB
·
May 29, 2025
ကနဲလေးစစ်စခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်၊ စစ်ကူစစ်ကြောင်း ချေမှုန်းခံရ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်အရှေ့ဘက် စစ်ကောင်စီတပ်ရဲ့ ကနဲလေးတပ်စခန်းကို မေ ၂၈ ရက်ညမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA တပ်မှူးတယောက်က ပြောပါတယ်။

အရာရှိတွေအပါအဝင် အင်အား  ၆၀ လောက်ရှိတဲ့ ကနဲလေးစခန်း မကျရေးအတွက် စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူခဲ့ပေမဲ့ ည ၆ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မေ ၂၈ ရက်က မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းက ကနဲလေးစခန်းအပြင် ထိုးကြိုးစခန်းကိုလည်း ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ထိုင်းဘက်ခြမ်းကို ယာယီတိမ်းရှောင်ခဲ့ကြရသလို မေ ၂၇ ရက်ကလည်း လက်နက်ကြီးကျည် ထိုင်းဘက်ကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကိုလည်း ​မေ ၂၆ ရက် ညနေ ၅ နာရီလောက်က စတင်ပြီး  KNU ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။

မေ ၂၇ ရက် ညနေ ၃ နာရီလောက်ကလည်း ဝေါလေဘက်ကနေ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ​ကျော်လောက်ရှိတဲ့  စစ်ကောင်စီစစ်ကြောင်းကို KNLA ပူး​ပေါင်းအဖွဲ့တွေက DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ​ယောက်ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကြောင်းမှူး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။

စစ်ကြောင်း ချေမှုန်းခံရတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ဆုံဆည်းမြိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

DKBA ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက “သူတို့(စစ်ကောင်စီ)ပြောချင်တာက သူများလာပစ်ရင် သူတို့ပြန်ပစ်မယ် ဒီလိုမျိုး။ ငါတို့အဖွဲ့ကလည်း ကြားထဲမှာညှပ်ပြီး ပစ်ခံရတာ။ ရည်ရွယ်ချက်ရှိမယ် ဆိုလို့ရှိရင် ရုံးကိုပစ်မှာပေါ့။ အခုက ရုံးကို မပစ်သေးဘူးလေ။ ရုံးအပြင်မှာ ပစ်တယ်။ ရွာထဲမှာ ပစ်တယ်။ ကရင်နှစ်သစ်ကူးကွင်းမှာလည်း သူပစ်တယ်။ ဟိုဘက်အဖွဲ့ လက်သုံးချောင်းကို လာပစ်တယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းကို စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကနေ လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထကျေးရွာက ဒေသခံ ၂,၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ထိုင်းနယ်စပ် သောင်ရင်းမြစ် ချောင်းနံဘေးမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် စိုးရိမ်ရတယ်လို့ ရပ်မိရပ်တွေက ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က “ကောက်ညှင်းထုပ်ရောင်းတဲ့ အဘွားကြီး လည်ပင်းမှာ အစထိသွားတယ်။ စိုးရိမ်မှုက အိမ်တွေဘာတွေ ထိမယ်။ အိမ်တွေထိလို့ရှိရင် တချို့ရွာသားတွေက အိမ်စောင့်ကျန်တာကို ထိမှာကြောက်တယ်။ စိုးရိမ်ရတာပေါ့။ နောက်ပြီးတော့ လေယာဉ်ပစ်တဲ့ လက်နက်ကြောင့်နဲ့ သက်ကြီးရွယ်အိုတွေ နှလုံးတုန် ရင်ခုန်ရတယ်။ ချောင်းနံဘေး နယ်စပ်မှာ နီးကပ်တော့ ပိုပြီးတော့ စိုးရိမ်ရတယ်။ အပြစ်မရှိတဲ့ ပြည်သူတွေကို လိုက်ပစ်တာကတော့ ဒါက မဖြစ်သင့်တဲ့အရာ” လို့ ပြောပါတယ်။

မေ ၂၁ ရက်က စတင်ပြီး တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီရဲ့ ကနဲလေးစစ်စခန်းကို KNU ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာက မေ ၂၈ ရက် ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မေ ၂၃ ရက် ညနေ ၅ နာရီက စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်၊ ဒေါနတောင် အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာ၊ မယ်လ၊ မော်ဖိုးကေ စခန်းတွေကို KNU တပ်မဟာ ၇ လက်အောက်ခံ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

အောင်ခန့်/ဖိုးစီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013