
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က မေ ၂၈ ရက် မနက် ၁၀ နာရီခွဲကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို မတ္တရာမြို့ပေါ်မှာရှိတဲ့ ဘောလုံးကွင်း အထိုင်စခန်းကနေ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ရွာသာယာဒေသခံ အမျိုးသားတယောက်က “ဘာကြောင့်ပစ်ခတ်နေတာလဲတော့ မသိဘူးဗျ။ မြေပြင်မှာတော့ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ကျနော်တို့ ရွာသာယာရွာနဲ့ မကျည်းကုန်းရွာကြားကို ကျတာဗျ။ အဲလိုကျလို့ တောင်သူလုပ်နေတဲ့ အမျိုးသမီး ၂ ဦး ကျည်စထိမှန်ဒဏ်ရာ ရခဲ့တယ်ဗျ။ တယောက်ကတော့ ၃၀ အရွယ်ရှိ ကလေးမိခင်တဦးနဲ့ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးတဦးတို့ ထိမှန်ဒဏ်ရာ ရခဲ့တာဗျ။ သူတို့လုံခြုံရေးအရမို့ အမည်တွေတော့ မပြောတော့ဘူး” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ၂ ယောက်စလုံးဟာ ရွာသာယာရွာက အရပ်သားပြည်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “တိုက်ပွဲက မဖြစ်ဘူး။ သူတို့ပစ်ချင်လို့ ထင်တိုင်းပစ်နေတာဗျ။ ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ ယုတ်မာမှုတွေကို အလူးအလဲခံနေကြရတာ ကြည့်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ စခတွေပစ်တာက လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာ။ ဒဏ်ရာရသူတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
မတ္တရာမြို့နယ် အပါအဝင် မန္တလေးတိုင်းအတွင်းက မြို့နယ် ၁၁ မြို့နယ်မှာ စစ်တပ်က မေ ၁ ရက်မှ ၁၅ ရက်အထိ အချိန် ၂ ပတ်ကျော်အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်ကျော်ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့လည်း မြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ စာရင်းဇယားအရ သိရပါတယ်။