
အမေရိကန်အစိုးရဟာ နိုင်ငံတွင်းမှာ သင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာတွေကို ပြင်းပြင်းထန်ထန် ရုပ်သိမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေသူတွေ၊ အရေးကြီးတဲ့ နယ်ပယ်တွေမှာ သင်ကြားနေတဲ့သူတွေ ပါဝင်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
တရုတ်နဲ့ ဟောင်ကောင်က နောက်ပိုင်း ဗီဇာလျှောက်ထားသူတွေကိုလည်း ပိုပြီး ကြပ်မတ် စိစစ်မှာဖြစ်လို့ သတ်မှတ်ချက်တွေကိုပါ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ကြောင့် စူပါပါဝါနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲသဏ္ဌာန် တင်းမာနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ မေ ၂၆ ရက်မှာ ကမ္ဘာတလွှားက ကျောင်းသားဗီဇာ အင်တာဗျူးချိန်းဆိုမှုအားလုံး ဆိုင်းငံ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
မေ ၂၈ ရက်မှာတော့ တရုတ်ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ မနှစ်က ပညာသင်ကြားနေတဲ့ တရုတ်ကျောင်းသား ၂၈၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါတောင်မှ ကိုဗစ်ကာလ ကန့်သတ်ချက်တွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာလို့ ဒီနှစ်ပိုင်းတွေမှာ အရေအတွက် ကျဆင်းလာတာ ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရဟာ လက်ရှိမှာလည်း နိုင်ငံခြားသားကျောင်းသား အမြောက်အမြားကို ပြန်ပို့တာ၊ ကျောင်းသားဗီဇာ ထောင်ချီ ရုပ်သိမ်းတာတွေ ပြုလုပ်နေပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ရပ် အများစုကို တရားရုံးတွေက ယာယီဟန့်တားပေးထားပါတယ်။ အမေရိကန်တက္ကသိုလ်တွေအတွက် ဒေါ်လာဘီလီယံချီတဲ့ ထောက်ပံ့ကြေးတွေကိုလည်း အမေရိကန်အစိုးရက ဆိုင်းငံ့ထားပါတယ်။
ဟားဗတ်လို အမေရိကန် ထိပ်တန်းတက္ကသိုလ်ကြီးတွေဟာ အယူဝါဒရေးရာ ဘက်လိုက်မှု ရှိနေပြီးတော့ ဂျူးဆန့်ကျင်ရေး အားကောင်းလာတာကို တိုက်ဖျက်ဖို့ ပျက်ကွက်တယ်လို့ သမ္မတ ထရမ့်ပ်က ရှုမြင်ထားပါတယ်။
Source: Reuters