
ဟားမတ်စ်ရဲ့ လက်ရှိ ဂါဇာခေါင်းဆောင် မိုဟာမက်ဒ်ဆင်ဝါကို ချေမှုန်းလိုက်ပြီဖြစ်ကြောင်း အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မေ ၂၈ ရက်မှာ ပြောကြားခဲ့ပြီး အစ္စရေးရဲ့ အလိုအရှိဆုံး စာရင်းဝင်တယောက်လည်းဖြစ်တဲ့ မိုဟာမက်ဒ်ဆင်ဝါဟာ ကွယ်လွန်သူ ဟားမတ်စ် အကြီးအကဲဟောင်း ယာယျာဆင်ဝါရဲ့ညီ ဖြစ်ပါတယ်။
နေတန်ယာဟုက “ပြန်လည်ရှင်သန်ရေးစစ်ပွဲ ရက်ပေါင်း ၆၀၀ မှာ အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေကို ပြောင်းလဲခဲ့ပါပြီ။ ကိုယ့်နယ်မြေထဲက အကြမ်းဖက်သမားတွေကို ချေမှုန်းခဲ့ပြီးတော့ ဂါဇာကမ်းမြောင်ထဲ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ကာ ထောင်သောင်းချီတဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းပစ်ခဲ့ပြီးတော့ ဒေ့ဖ်၊ ဟာနီယေး၊ ယာယျာဆင်ဝါနဲ့ မိုဟာမက်ဒ်ဆင်ဝါ တို့ကိုလည်း ဖယ်ရှားပစ်ခဲ့ပါပြီ” လို့ ပြောပါတယ်။
အစ္စရေးဟာ ဟားမတ်စ်ရဲ့ လက်နက်ထောက်ပံ့မှုနဲ့ ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှု အားလုံးနီးပါးကို ဖြတ်တောက်လိုက်ပြီလို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေးကို တိုက်ခိုက်မှုမှာ ကြိုးကိုင်ခဲ့သူ ယာယျာဆင်ဝါကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်မှာ မနှစ်တုန်းက ယာယျာဆင်ဝါရဲ့ ညီဖြစ်သူ မိုဟာမက်ဒ်ဆင်ဝါ ဟာ ဟားမတ်စ်အဖွဲ့အတွင်း ထိပ်တန်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
မိုဟာမက်ဒ်ဆင်ဝါဟာ အခုလအစောပိုင်းက ဂါဇာတောင်ပိုင်းရှိ ဆေးရုံတရုံအပေါ် အစ္စရေး တိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားခံရသူဖြစ်ပြီး သူဟာ သေဆုံးခဲ့ဖွယ်ရှိကြောင်း နေတန်ယာဟုက မေ ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဟားမတ်စ်ကတော့ ဆင်ဝါရဲ့ သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အစ္စရေးစစ်တပ်က ဂါဇာရှိ အဲရက်ဇ် ဖြတ်ကျော်ဂိတ်အနီးရှိ ဥမင်လိုဏ်ခေါင်းတလျှောက် မော်တော်ကားနဲ့ ခရီးသွားနေတဲ့ မိုဟာမက်ဆင်ဝါရဲ့ ဗီဒီယိုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟားမတ်စ်ကို တိုက်ခိုက်နေတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ပုံမှန်မဟုတ်ဘဲ ကြီးမားတဲ့ သံကူကွန်ကရစ် ဥမင်လိုဏ်ခေါင်းတခုကို တွေ့ရှိခဲ့ပြီး ဂါဇာကမ်းမြောင်မှ စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေရဲ့ကားတွေ သွားလာနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ အဲဒီလိုဏ်ခေါင်းကို “ဆင်ဝါရဲ့ လျှို့ဝှက်ချက်” အဖြစ် မီဒီယာကို ဖော်ထုတ်ပြသခဲ့ပါတယ်။
အဲဒီပရောဂျက်မှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲထားတယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂါရီက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဥမင်လိုဏ်ခေါင်းအတွင်း မောင်းနှင်နေတဲ့ မော်တော်ယာဉ်ရဲ့ ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ မိုဟာမက်ဒ်ဆင်ဝါရဲ့ ဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။
Source: Reuters











