
မကွေးတိုင်း၊ ကမ္မမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မေ ၂၆ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာလို့ ဒေသခံသောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က “ပခုက္ကူတပ်မ ၁၀၁ နဲ့ ပျူစောထီးတွေ စစ်ကား ၁၀ စီးလောက်နဲ့ စုစုပေါင်းအင်အား ၁၀၀ လောက်က မြိုင်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပျူစောထီးရွာက အထိုင်စခန်းတွေကို ရိက္ခာလာပို့ရင်း စစ်ကြောင်းထိုးနေတာ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၂၆ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကမ္မမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ ပြောခွင့်ရှိသူ ကိုစိုးထွဋ်က “ကမ္မမြို့ပေါ်က ရပ်ကွက် ၃၊ ၄ ရပ်ကွက်လောက်က ပြည်သူတွေလည်း ထွက်ပြေးကုန်ပြီ။ သူတို့ စစ်ကြောင်းထိုးနေတဲ့ ပခုက္ကူနဲ့ ကမ္မကြားမှာရှိကြတဲ့ ရွာသာအေး၊ ရေမျက်၊ ပြည့်အိုင်၊ ရေလာကြီး၊ ထန်းတပင်၊ ဝါးကျွန်းတွင်း ကျေးရွာတွေ အပြင် အနီးအနားကျေးရွာတွေက ဒေသခံ ပြည်သူတွေလည်း ထွက်ပြေးနေကြ တယ်။ စုစုပေါင်း ပြည်သူ ၁၀,၀၀၀ ကျော်လောက် ထွက်ပြေးနေကြရတာပေါ့ဗျာ” လို့ ပြောပါတယ်။
ထွက်ပြေးလာကြသူတွေဟာ မိုးထဲလေထဲမှာ ဖြစ်သလိုနေထိုင်နေကြရပြီး အသက်အရွယ်ကြီးမြင့်သူတွေနဲ့ ကလေးသူငယ်တွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းက တော်လှန်ရေးအင်အားကောင်းတဲ့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ကမ္မ၊ ရေစကြိုမြို့တွေနဲ့ ထီးလင်း၊ ဂန့်ဂေါ စတဲ့ ယောဒေသတွေမှာလည်း မြေပြင်ကနေ စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးတာတွေအပြင် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရမှု မြင့်တက်နေပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကို သတိထားကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။