
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေ ရှိနေကြပြီး သေဆုံးမှုတချို့လည်း ရှိလာကြတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
AA ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး အပါအဝင် မြို့နယ်အများအပြားမှာ ငှက်ဖျားဖြစ်ပွားနေကြတာဖြစ်ပြီး သေဆုံးသူ ၂ ယောက်နဲ့အထက် ရှိသလို ရောဂါဖြစ်ပွားသူလည်း ၄၀၀ ထက်မနည်း ရှိတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ရခိုင်မှာ ငှက်ဖျားကတော့ မြို့နယ်တိုင်းလိုလိုမှာ ဖြစ်နေကြတာရှိတယ်။ အထူးသဖြင့် အိန္ဒိယဘက်ကလာတဲ့ ကုန်သည်တွေနဲ့ ကျေးလက်နေ ပြည်သူတွေ ပိုပြီး အဖြစ်များကြတယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုကတော့ သိပ်များများစားစားမရှိဘူး။ ပလက်ဝတယောက်နဲ့ ကျောက်တော်နယ်မှာ မိန်းကလေးငယ် တယောက်လောက်ပဲ သိရတယ်။ ဆေးရုံ ဆေးခန်းကို စောစောရောက်လာရင်တော့ ဆေးကုသပေးလို့ရတယ်။ ရောဂါလွန်ပြီးမှ ရောက်လာရင်တော့ အချိန်ယူ ကုသပေးရတယ်။”
ငှက်ဖျားဖြစ်ပြီး သေဆုံးသွားသူတွေမှာ ကျောက်တော်မြို့နယ် တင်းမကျေးရွာက အသက် ၁၉ နှစ်အရွယ် Grade-12 ကျောင်းသူတယောက်နဲ့ ပလက်ဝမြို့နယ် သဲကုန်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာတယောက်တို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က AA ထိန်းချုပ်နယ်မြေတွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားနေသူ ၄၀၀ နဲ့အထက်ရှိပြီး လက်ရှိ ရခိုင်က မြို့ရွာတွေမှာ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ဆေးတွေ ဖျန်းနေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ငှက်ဖျားကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းတာတွေ ရှိပေမဲ့လည်း လုံလောက်မှုမရှိသေးဘူးလို့ ကျောက်တော်မြို့ခံတယောက်က ပြောပါတယ်။
“အာရက္ခတပ်တော်နဲ့ ကျန်းမာရေးဌာနတို့ ပေါင်းပြီး ငှက်ဖျားကြိုတင်ကာကွယ်ဆေးဖျန်းတာတွေ၊ တုပ်ကွေးကြိုတင်ကာကွယ်ဆေး ဖျန်းတာတွေ ရှိပေမဲ့လည်း လုံလောက်မှုတော့ မရှိသေးဘူး။ ရပ်ကွက်တိုင်းကို မရောက်ဘူး။ ဒီထက်ပိုပြီး စနစ်တကျ ပြုလုပ်ပေးဖို့ လိုအပ်တယ်။”
ငှက်ဖျားရောဂါတွေဟာ မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ အဖြစ်များတတ်ပြီး ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ခြင်ကိုက်ခံရပြီးနောက် ၁၀ ရက်မှ ၄ ပတ်အတွင်း ရောဂါလက္ခဏာ ပြတတ်တယ်လို့ သိရပါတယ်။
ငှက်ဖျားအန္တရာယ်ဟာ စိုးရိမ်စရာကောင်းပြီး ပြည်သူတွေအနေနဲ့ ငှက်ဖျားအန္တရာယ် သတိထားဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မိုးရာသီကာလတုန်းကလည်း ငှက်ဖျားရောဂါဖြစ်ပွားပြီး သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။