
မန်ယူအသင်းမှာ ဆက်ရှိမလားဆိုတာ မပြောနိုင်သေးကြောင်း တောင်ပံကစားသမား အန်တိုနီက ပြောသွားပါတယ်။
ဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ် ငိုကြွေးခဲ့တဲ့ အန်တိုနီဟာ မန်ယူအသင်းနဲ့ စာချုပ်ရှိသေးတာကြောင့် အသင်းဆီ ပြန်သွားရမှာဖြစ်ပေမဲ့ အနာဂတ်ကိစ္စ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးကြောင်း ပြောခဲ့တာပါ။
လက်ရှိအချိန်မှာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းမှာဖြစ်ကာ အဲဒီနောက် အားလပ်ရက်ရယူမှာဖြစ်ပြီး အနာဂတ်ကိစ္စကို မန်ယူနိုက်တက်နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း အန်တိုနီက ပြောသွားပါတယ်။
အသက် ၂၅ နှစ်ရှိ ဘရာဇီးကစားသမားဟာ မန်ယူအသင်းမှာ ပွဲကစားခွင့်မရခဲ့ဘဲ အရန်ခုံ ထိုင်ခဲ့ရတဲ့ ပွဲတွေက ပိုများခဲ့တာကြောင့် စပိန်ကလပ် ရီးရဲလ်ဘက်တစ်ဆီ အငှားထွက်ကစားခဲ့တာပါ။
ဘက်တစ်မှာ စွမ်းဆောင်ရည် ကောင်းရရှိနေတဲ့ အန်တိုနီဟာ ကွန်းဖရင့်လိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။
အန်တိုနီဟာ မန်ယူနိုက်တက်မှာ ပွဲကစားခွင့် မရခဲ့လို့ မပျော်မရွှင် ဖြစ်ခဲ့ရကြောင်းနဲ့ ဆုဖလား ရယူ ပြီး မန်ယူအသင်းကို လက်တုံ့ ပြန်ချင်တယ်လို့ ဗိုလ်လုပွဲမတိုင်ခင်က ပြောကြားခဲ့ပါတယ်။