
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးဟာ စစ်ရေးပြင်းထန်လာတာကြောင့် နုတ်ထွက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်္ဂပူမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာတာကြောင့် စစ်ကောင်စီခန့် နွားခြံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုဌေး ဆိုသူ မနေ့ မေ ၂၇ ရက်က နုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။
အင်္ဂပူမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “တိုက်ပွဲတွေ ဖြစ်ပွားတာ များတာ၊ စစ်ရှုံးနေတာကို ဒေသခံ အုပ်ချုပ်ရေးမှူးတွေက သိတယ်လေ။ ကြောက်ပြီး နုတ်ထွက်တာလို့ သိရတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုဌေး နေရာမှာ ကိုအောင်ဝင်း ဆိုသူကို စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးရာထူး ပေးထားပြီး စစ်မှုထမ်းငွေကောက်ယူခိုင်းတာ၊ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ခိုင်းတာနဲ့ PDF သတင်း စုံစမ်းခိုင်းတာတွေကို အဓိက လုပ်ဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။
အင်္ဂပူမြို့နယ် နွားခြံကျေးရွာအုပ်စုက ဒေသခံတယောက်က “အသာတကြည်တော့ ပေးမထွက်ဘူး၊ ဘာကြောင့်ထွက်တာလဲ ဆိုတာ စစ်မေးသေးတာလို့ သိရတယ်။ ကျန်းမာရေးကြောင့် ထွက်တာလို့ ပြောမှ ထွက်ခွင့်ပေးတာ။ အုပ်ချုပ်ရေးကိစ္စတွေ ယိုင်နဲ့ကုန်မှာစိုးတော့ အခုလို နုတ်ထွက်တဲ့ကိစ္စကို ဖုံးထားတာ” လို့ ပြောပါတယ်။
ဒါ့အပြင် အင်္ဂပူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆက်လက်နုတ်ထွက်ဖို့ ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။