DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အရပ်သားပြည်သူများဘေးကင်းရေး အကြမ်းဖက်မှု ရပ်တန့်ရန် အာဆီယံ တောင်းဆို 
DVB
·
May 28, 2025
မြန်မာတွင် အရပ်သားပြည်သူများဘေးကင်းရေး အကြမ်းဖက်မှု ရပ်တန့်ရန် အာဆီယံ တောင်းဆို 
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့  အာဆီယံ ခေါင်းဆောင်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မေလ ၂၇ ရက်က ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ အပြီးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သီးသန့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ 

မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အရပ်သားပြည်သူတွေအားလုံးရဲ့ ဘေးကင်းလုံခြုံရေး အကာအကွယ်ပေးရေး သေချာစေဖို့ စစ်ကောင်စီဘက်ကိုရော တခြားလက်နက်ကိုင်အဖွဲ့တွေကိုပါ တောင်းဆို လိုက်ပါတယ်။

ငလျင်ဘေးအပြီး စစ်ကောင်စီဘက်က ၃ ကြိမ်ဆက်တိုက် အပစ်အခတ်ရပ်စဲတာနဲ့ NUG နဲ့ တခြားအဖွဲ့တွေရဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲထားတာတွေကို အသိအမှတ်ပြုပြီး အပစ်ရပ်ကာလထပ်တိုးဖို့နဲ့ နိုင်ငံတဝန်းလုံးမှာ တိုးချဲ့ပြီး အပစ်ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။  

အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ  အားလုံးပါဝင်တဲ့ နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ဖို့ ၊ အာဆီယံက ပေးအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပွင့်လင်းမြင်သာစွာ ခွဲခြားဆက်ဆံမှုမရှိဘဲပေးအပ်ဖို့လည်း တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ပဋိပက္ခ၊ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုအခြေအနေနဲ့  အင်အားပြင်း ငလျင်ဘေးရဲ့ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်တဲ့ အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ရေရှည်ဖြေရှင်းရေး ကူညီပေးဖို့ အာဆီယံ အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်ကိုင်စွဲထားမယ်လို့ ကတိပြုလိုက်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ပဋိပက္ခတွေနဲ့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု အပါအဝင် ကိစ္စရပ်တွေအပေါ် ဆွေးနွေးပြီး သဘောတူညီခဲ့ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မေလ ၂၇ ရက်မှာ ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာလည်း သဘောတူညီမှုက ဆက်လက်ပါဝင်ဆောင်ရွက်ဖို့ ဖြစ်တယ်၊ ရေရှည် အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ကျယ်ပြန့်တဲ့ အပစ်အခတ် ရပ်စဲရေး အဓိကအာရုံစိုက်ရမှာဖြစ်တယ်၊ လူသားချင်း စာနာမှုအကူအညီ ပြီးရင် အဲဒီနောက်မှာ စတင်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ဖြစ်တယ်၊ အဲဒါတွေကို အာဆီယံရဲ့ အချက် ၅ ချက် သဘောတူညီချက်အောက်ရှိ ကျယ်ပြန့်တဲ့ သတ်မှတ်ချက်တွေ အတွင်းမှာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်လို့လည်း ပြောပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံတွေဟာ အမေရိကန်ရဲ့ ကုန်သွယ်မှုစည်းကြပ်ခွန်တွေကို ဘယ်လို ချဉ်းကပ်ရမယ် ဆိုတာကို နားလည်မှုအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း အန်ဝါက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတခုခုကို ထိခိုက်စေမဲ့ ဆုံးဖြတ်ချက်တွေကို မချသင့်ကြောင်းနဲ့ တခြားအာဆီယံ မိတ်ဖက်တွေကို မထိခိုက်စေဖို့ကို သဘောတူညီထားတဲ့ ဝါရှင်တန်နဲ့ ၂ နိုင်ငံချင်း ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့တွေကို  အာဆီယံ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

အရှေ့တောင်အာရှ ခေါင်းဆောင်တွေဟာ ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့မှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မလေးဝန်ကြီးချုပ် အန်ဝါက “တရုတ်နိုင်ငံအနေနဲ့ ဝန်ကြီးချုပ် လီချန်းလည်း တက်ရောက်ခဲ့ပြီး အတိအကျ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့နယ်ပယ်တချို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို အငြင်းပွားစရာ အကြောင်းအရာတွေမှာတောင် အခြေခံသဘောတူညီချက် တချို့နဲ့အတူ အခွန်အခတွေ၊ ပူးပေါင်းလုပ်ကိုင်မယ့် စီမံကိန်းတွေမှာလည်း အားလုံးသဘောတူညီမှု ရရှိပြီး ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

အာဆီယံဟာ တရုတ်ပြည်မကြီးအစိုးရနဲ့ အမေရိကန်အစိုးရတို့ နှစ်ဖက်စလုံးနဲ့ ဆက်ဆံပြီး ကြားနေရေးမူဝါဒကို ထိန်းသိမ်းထားပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမယ့် ခြိမ်းခြောက်မှုက ထိုးနှက်ချက်တခု ဖြစ်လာခဲ့ပါတယ်။

အကောက်ခွန် ၃၂ ရာခိုင်နှုန်းကနေ ၄၉ ရာခိုင်နှုန်းကြား အကောက်ခံရမယ့် အဆိုးရွားဆုံးသော အစုအဖွဲ့ထဲမှာ အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ပါဝင်ခဲ့ပါတယ်။

ထရမ့်ပ်က ဧပြီလမှာ ကမ္ဘာ့နိုင်ငံအများစုအတွက် စည်းကြပ်ခွန်တွေကို ရက် ၉၀ ခေတ္တဆိုင်းငံ့ထားဖို့ ကြေညာခဲ့ပြီး အခုလမှာ အဓိကပြိုင်ဘက် တရုတ်နိုင်ငံနဲ့ အလားတူ သဘောတူညီချက်ကို ချုပ်ဆိုခဲ့ကာ ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ၆  နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း ပထမဆုံးအကြိမ်း ထိပ်သီး အစည်းအအဝေး ကျင်းပခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013