မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၄ လမ်း x ၃၅ လမ်းကြားက Cowboy Bar မှာ မေ ၂၈ ရက် ဒီမနက် ၉ နာရီ မိနစ် ၄၀ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်း ၄ ခု ရှာတွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီးလောင်မှုသတင်းကို မနက် ၉ နာရီခွဲလောက်က သက်ဆိုင်ရာ မီးသတ်ဌာနနဲ့ အရပ်ဘက်အသင်းတွေက လက်ခံရရှိပြီးနောက် ၁၀ မိနစ်ကျော်အကြာမှာ သွားရောက် ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရောက်တော့ မီးညွန့်က ကျိုးနေပါပြီ။ အတွင်းက DB (ရုပ်အလောင်း) ၄ ခုက ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး။ လောင်တာတော့ ဘားတခုလုံးပဲ။ မနက်ပိတ်ထားချိန်မှာ ဖြစ်တာလို့ပဲ သိထားရတယ်။ ကျန်တဲ့ အသေးစိတ်က မီးသတ်ဦးစီးဘက်က စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုအတွင်း ဘားအတွင်းရှိ ဆိုင်သုံးပစ္စည်းတွေနဲ့ နံရံတွေ ပျက်စီး လောင်ကျွမ်းသွားခဲ့သလို အမျိုးသမီးရုပ်အလောင်း ၄ လောင်းကိုလည်း မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေက ရုပ်အလောင်းတွေကို စစ်ဆေးနေဆဲဖြစ်တာကြောင့် နာမည်နဲ့ အသက် အတည်ပြုချက်ကို မသိရသေးသလို မီးလောင်မှုအကြောင်းအရင်းအမှန်နဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို မြို့နယ်မီးသတ်က တွက်ချက်နေဆဲ ဖြစ်ပါတယ်။
မီးလောင်မှုနေရာကို ချမ်းအေးသာစံမြို့နယ် မီးသတ် အပါအဝင် အရပ်ဘက်အသင်းယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၈ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။