
မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲမှာ မြေငလျင်တွေ ထပ်မံလှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနနဲ့ စစ်ကောင်စီမိုးဇလဌာနတို့က သတင်းထုတ်ပြန်ပါတယ်။
မေ ၂၇ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၂ မိနစ်လောက်က မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်တောင်ဘက် ၁၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညနေ ၅ နာရီ ၅၄ မိနစ်လောက်မှာလည်း မန္တလေးတိုင်း၊ ရမည်းသင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၃၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ မနေ့ ည ၁၀ နာရီ ၄၂ မိနစ် ၂၉ စက္ကန့်မှာ ညောင်ဦးမြေငလျင်စခန်းမှ အရှေ့- အရှေ့အမြောက်ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ ညောင်ဦးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ အနက် ၁၀၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့ည ၁၁ နာရီ ၃၄ မိနစ်ကျော်လောက်က ပဲခူးတိုင်း၊ ရေတာရှည်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာမှာ ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၁ ရှိ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြေငလျင်တိုင်းတာစက်တွေရဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တာဖြစ်ပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့အညီ နေထိုင်ကြဖို့ NUG အစိုးရက ထပ်မံအသိပေးကြေညာထားပါတယ်။