
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မေ ၂၆ ရက်က ခရစ်ယာန်တရားဟောဆရာတော်တပါး စစ်တပ်က ထောင်ထားတဲ့မိုင်း နင်းမိပြီး ခြေထောက်တဖက် ဖြတ်လိုက်ရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ကလေးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက “မိုင်းနင်းမိတဲ့သူက ကလေးမြို့နယ်ထဲကလေ။ စီးစံရွာမှာနေထိုင်တဲ့ ဧဝံဂေလိ ခရစ်ယာန်ဘာသာရေး တရားဟောဆရာတော် Evan - Bawi Tlen Fai ဖြစ်ပါတယ်။ သူ့မိသားစုကလည်း အဲဒီရွာမှာ နေကြတာ။ သူ့ဇနီးသည်ကလည်း ကိုယ်ဝန်ဆောင်သည်။ ကိုယ်ဝန်က ၆ လ၊ ၇ လလောက် ရှိနေပြီ။ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်နဲ့ခရီးသွားနေရင်း စက်မှုဇုန်လမ်းနဲ့ စက္ကန့်ရွာကြားမှာ မိုင်းနင်းမိခဲ့တာ။ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားလို့ ခြေသလုံးအထက် ဒူးအောက်နားကနေ ဖြတ်ပစ်လိုက်ရတယ်” လို့ ပြောပါတယ်။
အဆိုပါ ခရစ်ယာန်တရားဟောဆရာတော် မိုင်းနင်းမိခဲ့တဲ့နေရာနဲ့ ပတ်ဝန်းကျင်ဟာ ကလေးစက်မှုဇုန် စစ်ကောင်စီအထိုင်စခန်းနဲ့ နီးကပ်သလို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကလေးမြို့နယ်ထဲမှာက စစ်တပ်စစ်ကြောင်း မကြာခဏ ထိုးလေ့ရှိပြီးတော့ မြေမြှုပ်မိုင်းတွေ ထောင်ထောင်ထားခဲ့လို့ ပြည်သူတွေ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါချို့ယွင်းတဲ့သူတွေအပြင် အသက်ဆုံးရှုံးရသူတွေပါ ရှိတယ်။ သက်ဆိုင်ရာ ပကဖ တွေကလည်း စစ်တပ်စစ်ကြောင်းတွေ ထွက်သွားကြပြီဆို နောက်ကနေလိုက်ပြီးတော့ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေကြတာ ဆက်တိုက်ဆိုသလိုပါပဲ။ ဒါပေမဲ့လည်း မိုင်းအားလုံးကိုတော့ ဘယ်ရှင်းနိုင်ကြလိမ့်မလဲ။ ကျန်တာတွေလည်း ရှိမှာပေါ့။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ခရီးသွားလာကြတဲ့အခါမှာ ကိုယ်လိုရာခရီးကို ဂရုတစိုက် သွားလာသင့်တယ်လို့ပဲ အကြံပြုချင်တယ်” လို့ DVB ကို ပြောပါတယ်။
ကလေးမြို့မှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့အဝင် လမ်းဘေးတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့်လည်း ခရီးသွားပြည်သူတွေ မကြာခဏ မိုင်းနင်းမိတာတွေ ရှိနေပါတယ်။
မေ ၁၂ ရက်ကလည်း ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ နန်းဟန်နွဲ့ကျေးရွာက အမျိုးသားတယောက် စစ်ကောင်စီတပ်ကထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေတဖက်ပြတ်တောက် ဆုံးရှုံးခဲ့ပါတယ်။