DVB Logo
Home
မြန်မာသတင်း
သပြေတော PDF အဖွဲ့က တိုက်ပွဲတွင်သုံးရန် မောင်းသူမဲ့ကား တီထွင်အောင်မြင် (ရုပ်သံ) 
DVB
·
May 28, 2025
သပြေတော PDF အဖွဲ့က တိုက်ပွဲတွင်သုံးရန် မောင်းသူမဲ့ကား တီထွင်အောင်မြင် (ရုပ်သံ) 
Donate to DVB

မကွေးတိုင်းအတွင်း အညာဒေသအခြေစိုက် သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲတွေမှာ အသုံးပြုဖို့ မောင်းသူမဲ့ကား (Radio Control Car - RC Car) ကို တီထွင်အောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန် ပြသခဲ့ပါတယ်။

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “RC Car ကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးကားဆိုတော့ စမ်းသပ်ပြင်ဆင်ချိန်က ၆ လလောက် ကြာခဲ့ပါတယ်” လို့ ပြောပါတယ်။

Video: သပြေတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

အဆိုပါ မောင်းသူမဲ့ကားကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ တီထွင်အောင်မြင်ခဲ့ပေမဲ့ အခု မေ ၂၆ ရက်မှာ ပြည်သူကို ချပြခဲ့တာလို့ ဆိုပါတယ်။

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ရဲဘော်ဂိတ်ဆုံးက “တိုက်ပွဲတွေထဲမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးထိခိုက်မှုနည်းအောင် နည်းပညာနဲ့တိုက်တဲ့ စစ်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ရည်ရွယ်တာပေါ့နော်။ အဆင့်မြင့်တဲ့ အဝေးထိန်း ကွန်ထရိုးတွေ ထပ်ပြီးအဆင့်မြှင့်နိုင်ရင်တော့ အဝေးကြီးအထိ မောင်းနှင်နိုင်တယ်။ အခုကားကတော့ ကွန်ထရိုးကိုင်တဲ့ သူနဲ့က အရမ်းအဝေးကြီးတော့ မရဘူးဗျာ။ အကာအကွယ်ဧရိယာထူရင် မီတာ ၁,၀၀၀ လောက်ပဲ ရတယ်။ သူ့အပေါ်မှာ တင်မယ့် လက်နက်တွေ မပါသေးဘူးနော်၊ သိန်း ၃၀၀ လောက် ကုန်ခဲ့တာ။ ကျနော်တို့မှာလည်း ရှိတဲ့ငွေကြေးလေးနဲ့ ကိုယ်တတ်နိုင်သလောက် လုပ်ရတာဆိုတော့ ထောက်ပံ့မှု အားကောင်းလာရင် အော်တိုဂီယာစနစ် မဟုတ်တဲ့ ရီမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ RC ကားကြီးတွေအထိ ထုတ်လုပ်နိုင်တယ်။ လက်နက်တွေ တင်ပြီးတော့လည်း သူတို့ဂိတ်တွေနားအထိ သွားပြီးတော့ ရီမုနဲ့ပစ်ခတ်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ RC Car တွေ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်အသုံးပြုနိုင်ဖို့အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် တခြားမဟာမိတ်အဖွဲ့တွေနဲ့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုတွေကိုလည်း မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ RC Car အပေါ်မှာ တင်ဆောင်မယ့် တိုက်ခိုက်ရေးသုံး လက်နက်ပစ္စည်းတွေ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။

RC Car ထုတ်လုပ်မှုကို စိတ်ဝင်စားပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ အမှန်တကယ် လုပ်ကိုင်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း နည်းပညာ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013