
တရုတ်နိုင်ငံဟာ ယူကရိန်း ပဋိပက္ခမှာ ဘယ်ဘက်ကိုမှ သေစေလောက်တဲ့ လူသတ်လက်နက်တွေ ပေးအပ်ထားခြင်း မရှိတဲ့အပြင် စစ်ဘက်နဲ့ အရပ်ဘက် နှစ်ဖက်သုံးပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ၂၇ ရက်မှာ ပြောကြားလိုက်ပြီး ရုရှား စစ်တပ်စက်ရုံတွေဆီ တရုတ်ထောက်ပံ့မှုတွေရှိကြောင်း ဖော်ပြထားတဲ့ ယူကရိန်းသတင်းတွေကို တုံ့ပြန်ခဲ့ပါတယ်။
မေ ၂၆ ရက်မှာ ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေး အကြီးအကဲက တရုတ်ဟာ ရုရှားစစ်တပ်ရဲ့ စက်ရုံပေါင်း ၂၀ အတွက် စက်ကိရိယာတွေ၊ ယမ်းမှုန့်တွေနဲ့ အရေးကြီးထုတ်ကုန်မျိုးစုံကို ထောက်ပံ့ပေးနေတယ် ဆိုပြီး ပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက “ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က အမြဲတမ်း ရှင်းရှင်းလင်းလင်းရှိပြီး စစ်ပွဲကို ရပ်တန့်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေးကို အားပေးပြီး ဆွေးနွေးပွဲတွေကို မြှင့်တင်ဖို့ တိုက်တွန်းမှုတွေ လုပ်နေတာပါ” လို့ ပြောပါတယ်။
“ယူကရိန်းဘက်က ဒါကို ကောင်းကောင်းသိထားပြီး တရုတ်နိုင်ငံဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေနဲ့ နိုင်ငံရေး ခြယ်လှယ်မှုတွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” လို့လည်း ဆိုပါတယ်။
Source: Reuters