
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို တနှစ်ထက် တနှစ် ပိုမိုခံစားလာရတဲ့ မြန်မာနိုင်ငံက မြစ်ကမ်းပါးတွေအနီး နေထိုင်သူတွေဟာ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျတဲ့ဒဏ်ကို တနှစ်ထက်တနှစ် ပိုမိုခံစားလာကြရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကမ်းနံဘေးက ရန်ကင်းစံရာကျေးရွာမှာ မေ ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်က မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျခဲ့တဲ့အတွက် လူနေအိမ် အလုံး ၂၀ ကျော် မြစ်ထဲ မျောပါခဲ့ကာ အိမ်ခြေ ၃၀ ကျော်ကို အရေးပေါ် ဖျက်ကာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကမ်းပါးတွေ ပြိုကျတိုက်စားခံရတဲ့အတွက် ဒေသခံတွေဟာ စိုက်ပျိုးမြေတွေနဲ့ နေထိုင်ဖို့ မြေနေရာတွေ ဆုံးရှုံးရသလို အိမ်ရာတွေကိုလည်း အကြိမ်ကြိမ် ရွှေ့ပြောင်းနေကြရပါတယ်။
ပန်းလှိုင်မြစ်ကြောတလျှောက်မှာ ရေအရင်းမြစ်ဌာနက မြစ်ကြောင်းထိမ်းသိမ်းရေးလုပ်ငန်းတွေ ပြုလုပ်နေပေမဲ့ မြစ်ကမ်းပါးပြိုကျမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဧရာဝတီတိုင်းမှာ မြစ်ရေတိုက်စားပြီး ကမ်းပြိုကျတဲ့အတွက် နေအိမ် ၅ လုံး ရေထဲမျောပါခဲ့ပြီး လူနေအိမ်အလုံး ၄၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရ ပါတယ်။
ကမ်းပါးပြိုကျတာကို ကာကွယ်ဖို့အတွက်နဲ့ သစ်ပင်တွေ စိုက်ပျိုးတာနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေကို အသိပညာပေးတာနဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီပေးဖို့ အရေးကြီးတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အခံရဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာနေခဲ့တယ်လို့ ၂၀၂၃ ခုနှစ်က ယူအေအီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဉတုဆိုင်ရာ ထိပ်သီးညီလာခံ COP28 အစမှာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ပြောဆိုခဲ့ဖူးပါတယ်။
စစ်ကောင်စီအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ ကူညီကယ်ဆယ်ရေးတွေအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နိုင်တာမရှိဘဲ အရပ်ဘက် အဖွဲ့အစည်းတွေကသာ ကိုယ်ထူကိုယ်ထ တတ်နိုင်သလောက် လုပ်ကိုင်နေကြရပါတယ်။
လင်းအိမ်