DVB Logo
Home
နိုင်ငံတကာ
ဇနီးသည်၏ ကလူကျီစယ်မှုကို ကမ္ဘာပျက်မလို ပြောဆိုနေကြဟု ပြင်သစ်သမ္မတ တုံ့ပြန်
DVB
·
May 27, 2025
ဇနီးသည်၏ ကလူကျီစယ်မှုကို ကမ္ဘာပျက်မလို ပြောဆိုနေကြဟု ပြင်သစ်သမ္မတ တုံ့ပြန်
Donate to DVB

ဇနီးသည်ရဲ့ ကလူကျီစယ်မှုကို ကမ္ဘာပျက်မလို ပြောဆိုနေကြတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က တုံ့ပြန်ပါတယ်။

အရှေ့တောင်အာရှခရီးစဉ် ပထမဆုံးနိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်ချိန်  လေယာဉ်ပေါ်ကမဆင်းမီ ဇနီးသည် ဘရစ်ဂျက်က သူ့မျက်နှာကို တွန်းလိုက်တဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့အပြီးမှာ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

မက်ခရွန်က ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ မေ ၂၇ ရက်က ဟနွိုင်းမြို့မှာ သတင်းထောက်တွေကို ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မက်ခရွန်က “ကျနော်နဲ့ ဇနီးသည်တို့ နောက်ပြောင်ကျီစယ်နေတဲ့ ဗီဒီယိုတခု ရှိပါတယ်။ အဲဒီဟာကိုပဲ ကမ္ဘာပျက်နေတာ ကျနေတာပဲ၊ လူတွေက သီအိုရီအမျိုးမျိုးနဲ့ ရှင်းပြဖို့ ကြိုးစားနေကြပါတယ်” လို့ ပြောပါတယ်။

ဒီဗီဒီယိုဟာ အစစ်ဖြစ်တယ်လို့ သမ္မတက အသိအမှတ်ပြုခဲ့ပေမဲ့ လက်နက်သဖွယ် အသုံးချ တိုက်ခိုက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

“ဒီဗီဒီယိုက အစစ်ပါ၊ ဟုတ်ပါတယ်။ တခါတလေကတော့ လူတွေက အဲဒါတွေကို ကလီကမာ လုပ်ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ဟာတွေနဲ့ ချိတ်ဆက်ပစ်တတ်ကြပါတယ်” လို့ သမ္မတက ပြောပါတယ်။

ပျံ့နှံ့နေတဲ့ ဗီဒီယိုမှာ လေယာဉ်တံခါးဖွင့်လိုက်တဲ့အချိန် တံခါးဝမှာ မက်ခရွန် ပေါ်လာတာကို တွေ့ရပါတယ်။

စက္ကန့်ပိုင်းအကြာမှာပဲ သမ္မတကတော်ရဲ့ လက်နှစ်ဖက်စလုံး ထွက်လာပြီး သမ္မတရဲ့ မျက်နှာပေါ် ဖိလိုက်တာကို တွေ့ရပြီး ရုတ်တရက် တွန်းထိုးတဲ့ပုံစံမျိုး မြင်တွေ့ရပါတယ်။

မက်ခရွန်ရဲ့ မျက်နှာဟာ ခဏတာ အံ့ဩသွားပုံပေါ်ပေမဲ့ ချက်ချင်းပဲ ဣန္ဒြေဆည်လိုက်ပြီး အပြင်မှာ စောင့်နေကြတဲ့ မီဒီယာတွေကို လက်ပြနှုတ်ဆက်လိုက်ပါတယ်။

လေယာဉ်လှေကားအတိုင်း ဆင်းလာချိန်မှာလည်း လက်မောင်းချိတ်ဖို့ မက်ခရွန်က လက်ကို ကွေးပေးထားပေမဲ့ သမ္မတကတော်က လက်မကိုင်ဘဲ ဘေးလက်ရန်းကိုပဲ ကိုင်ပြီးဆင်းလာခဲ့တာ တွေ့ရပါတယ်။

မက်ခရွန်ဟာ ၁၄ နှစ်သားအရွယ် ကျောင်းသားဘဝမှာ အဲဒီတုန်းက ၃၉ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာမဖြစ်သူ ဘရစ်ဂျက်နဲ့ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သားသမီး သုံးယောက်ရှိတဲ့ အိမ်ထောင်သည် ဘရစ်ဂျက်ရဲ့ သမီးငယ်ဟာ မက်ခရွန်နဲ့ ကျောင်းနေဖက် ဖြစ်ပါတယ်။

သောကြာညတိုင်း ပြဇာတ်တိုက်ရင်းနဲ့ ငြိစွန်းခဲ့တာကြောင့် မိဘတွေက တခြားကျောင်း ပြောင်းပေးခဲ့ရပါတယ်။

ဒါပေမဲ့ ဆက်ဆံရေးပြတ်တောက်မသွားခဲ့ဘဲ ၂၀၀၆ မှာ ခင်ပွန်းဟောင်းနဲ့ ပြတ်စဲခဲ့တဲ့ ဘရစ်ဂျက်ဟာ ၂၀၀၇ မှာ မက်ခရွန်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013