DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန် မလေးရှား တိုက်တွန်း 
DVB
·
May 26, 2025
မြန်မာတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန် မလေးရှား တိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့နဲ့ အပစ်ရပ် သတ်မှတ်ထားတဲ့ ငလျင်ဘေးသင့်ဒေသအပြင် ထပ်တိုးချဲ့ထွင်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ်ဟာဆန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မေ ၂၅ ရက်က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ သက်သာလျော့ပါးရေးနဲ့ ရေရှည် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ဖို့ သက်ဆိုင်သူတွေအနေနဲ့ နှစ်ဖက်စလုံးကို တိုက်တွန်း နှိုးဆော်တယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံနိုင်ငံတွေက ခုလိုတိုက်တွန်းနေပေမဲ့ မြန်မာနိုင်ငံမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က နေ့စဉ် အပြင်းအထန် ဆက်လက်ပြုလုပ်နေတဲ့အတွက် အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို ဆက်ပံ့ပိုးကူညီမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကတိပြုခဲ့ကြပါတယ်။

အာဆီယံအစုအဖွဲ့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ နိုင်ငံရေးအရ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရလို့ ဒေသတွင်း သွေးစည်းရေးကတိကို တည်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မကြာသေးမီက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်က ကရုဏာ၊ စည်းလုံးညီညွတ်မှုနဲ့ လူသားဆန်မှုတို့ရဲ့ အခြေခံတန်ဖိုးတွေကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။

ဒီဒုက္ခတွေကြုံနေချိန်မှာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ အာဆီယံမိသားစုရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်ကို သက်သေပြလိုက်တာပါလို့ ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေး အဖွင့်အမှာစကားမှာ ပြောပါတယ်။

ဝန်ကြီး မိုဟာမက်ဒ်ဟာဆန်က “ကမ္ဘာ့ရေးရာအတွက် ကျနော်တို့မှာ အသံရှိတယ်။ အဖိနှိပ်ခံတွေအတွက် ဆွေးနွေးပြောဆိုဖို့၊ အခြေခံမူတွေနဲ့ နိုင်ငံတကာဥပဒေတွေကို အခြေခံတဲ့ ဖြေရှင်းချက်တွေကို ပေးဆောင်ဖို့ ကျနော်တို့အသံကို သုံးရမယ်” လို့   ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံဟာ ဒေသတွင်း အကျပ်အတည်းကို ရင်ဆိုင်ရာမှာ နှုတ်ဆိတ်မနေရဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မလေးရှားဟာ လက်ရှိမှာ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့ အပါအဝင် ဒေသတွင်းကိစ္စတွေ ဆွေးနွေးကြမယ့် ၂ ရက်ကြာ အာဆီယံထိပ်သီးအစည်းအဝေးပွဲကတော့  မေ ၂၆ ရက် ဒီနေ့မနက်မှာ စတင်နေပြီဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ ကိုယ်စားပြုသူတွေ တက်ရောက်ခွင့်မပြုတဲ့ မူကို ဆက်ပြီး ကိုင်ဆွဲထားတာကြောင့် မြန်မာခေါင်းဆောင်ကတော့ တက်ရောက်ခွင့်မရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါတယ်။

ဒီအစည်းအဝေးကနေ မြန်မာ့အရေး ဘာအပြောင်းအလဲ ဖြစ်နိုင်ပါသလဲ။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဘက်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နှစ်ဖက်အင်အားစုတွေ အနေနဲ့ နိုင်ငံရေးစကားဝိုင်းကတဆင့် အဖြေရှာဖို့ ပြောဆိုထားသလို ထိုင်းနိုင်ငံဘက်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ တွန်းအားပေးနေတာလည်း ရှိပါတယ်။

ဒါကြောင့် ဦးဆောင်မယ့် နှစ်နိုင်ငံရဲ့ သဘောထားအတိုင်း ဆက်လက်တွန်းအားပေးလာဖို့ပဲ ရှိတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

ဒါပေမဲ့ အာဆီယံအနေနဲ့လည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖြေရှင်းရာမှာ အကန့်အသတ် ရှိတာကြောင့် ဒီ့ထက်ပိုပြီးတော့ ထူးလာစရာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ သီးသန့်ကိုယ်စားလှယ်ထားပြီး ဘက်အသီးသီးနဲ့ ထိတွေ့ဆက်ဆံ ဆောင်ရွက်ဖို့လည်း ရှိနေတာကြောင့် စေ့စပ်ဆွေးနွေးပွဲအတွက် တာဆူလာတဲ့သဘောလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရတော့ စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုတာက မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်ရဲ့ စည်းကြပ်ခွန်ကိစ္စနဲ့ မြန်မာ့အရေးအပြင် အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံ၊ မခံကိုလည်း ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ထက်အောင်

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013