အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ ခြေစွမ်းပြထားတာကြောင့် နည်းပြ အာမီယာ ဂါလန်နိုအီက ဒီခြေစွမ်းဟာ နောင်နှစ်ပေါင်းများစွာအထိ ပြောစမှတ်ဖြစ်နေမယ်လို့ ပြောပါတယ်။
အီရန်ဟာ အုပ်စု (G) ပွဲစဉ်မှာ ဘယ်လ်ဂျီယံကို ဂိုးမရှိသရေ ကစားခဲ့ပြီး နယူးဇီလန်နဲ့ပွဲမှာလည်း သရေကျထားတာပါ။
အခုဆိုရင် အီရန်ဟာ ၂ ပွဲကစားပြီးချိန်မှာ ၂ မှတ်ရထားပြီး နောက်ဆုံးအုပ်စုပွဲစဉ်မှာ အီဂျစ်ကို အနိုင်ရရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
နည်းပြ ဂါလန်နိုအီက ပြိုင်ပွဲမတိုင်ခင် ၆ လကြာ စစ်ပွဲအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပြောပါတယ်။
အသင်းတွေကလည်း ခြေစမ်းပွဲတွေကို ဖျက်သိမ်းခဲ့တာကြောင့် အဆိုးဆုံးအခြေအနေနဲ့ ကမ္ဘာ့ဖလားကို ရောက်လာတာ ဖြစ်ပါတယ်။
ကစားသမားတွေဟာ ပွဲမတိုင်ခင် ၁၆ နာရီတောင် အပြည့်လေ့ကျင့်ချိန် မရခဲ့ဘူးလို့လည်း နည်းပြက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြားကနေ ကမ္ဘာ့ဖလားကို ရောက်လာတဲ့ ကစားသမားတွေကို ချီးကျူးရမှာပါလို့ နည်းပြက ဆိုပါတယ်။
အီရန်အသင်းကတော့ အခက်အခဲတွေကြားကပဲ အုပ်စု G မှာ ရှုံးပွဲမရှိသေးဘဲ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ နီးစပ်နေပေမဲ့ ဘယ်လ်ဂျီယံအတွက်တော့ ဒီရလဒ်က ကာတာ ကမ္ဘာ့ဖလားလိုပဲ အုပ်စုအဆင့်ကနေ ထွက်ရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီပွဲမှာ ဘယ်လ်ဂျီယံနောက်ခံလူ နေးသန် အန်ဂွိင်း ကတော့ အနီကတ်ပြစ်ဒဏ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အီရန်တိုက်စစ်မှူး မက်ဒီ တာရီမီ သွင်းယူခဲ့တဲ့ ဂိုးဟာလည်း VAR ကြောင့် လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပါတယ်။
ဘယ်လ်ဂျီယံအတွက် တိုက်စစ်မှူး ရိုမဲလူ လူကာကူ ကတော့ တနှစ်အတွင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားတာပါ။
အီရန်နည်းပြ အာမီယာ ဂါလန်နိုအီကတော့ ၁၆ နာရီပဲ ပြင်ဆင်ချိန်ရတာ လေယာဉ် ၂ ခေါက်စီးရတာနဲ့ ပင်ပန်းတဲ့ပွဲစဉ်တွေကြားက အသင်းကောင်းကောင်းကစားနိုင်တာလို့ ပြောပါတယ်။
အီရန်ကစားသမား အလီရေဇာ ဂျာဟန်ဘက်ရှ်ကလည်း အသင်းအပေါ် ဆက်ဆံမှုတွေကြောင့် ပိုစည်းလုံးလာတယ်လို့ ဆိုပါတယ်။










