DVB Logo
Home
မြန်မာသတင်း
မင်းစုရွာ ဗုံးကြဲခံရမှု ၅ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၆ ဦးရှိလာ
DVB
·
May 26, 2025
မင်းစုရွာ ဗုံးကြဲခံရမှု ၅ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၆ ဦးရှိလာ
Donate to DVB

မင်းကင်းနယ်၊ မင်းစုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ ၅ ယောက် ထပ်တိုးလာပြီး စုစုပေါင်း သေဆုံးသူ ၁၆ ယောက်ရှိလာပါတယ်။ 

မေ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်၊ မင်းစုရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဖြစ်ဖြစ်ချင်းမှာ သေဆုံးသူ ၁၁ ယောက်ရှိခဲ့ပြီး ၅ ယောက် ထပ်တိုးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ၁၆ ယောက်အထိ ရှိလာပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၆ လ ကလေးငယ်အပါအဝင် အသက် ၁၄ နှစ်အောက် ကလေး ၉ ယောက်အထိ ပါဝင်ခဲ့ပါတယ်။ လတ်တလောမှာ ထိခိုက်ဒဏ်ရာရလို့ ဆက်ပြီး ဆေးကုသခံနေရသူ ၁၄ ယောက် ကျန်ရှိနေပါတယ်။

မင်းကင်းဒေသခံတယောက်က “ပထမဖြစ်ဖြစ်ချင်း သေဆုံးတာက ၁၁ ယောက်၊ နောက်ထပ်က ထပ်တိုးက အဲဒီမှာ ဆေးရုံပါသွားတဲ့ဥစ္စာ ၅ ယောက်ဆုံးတာ၊ ဆေးရုံရောက်ပြီးမှ ၅ ယောက်ပေါ့ဗျာ၊ ၅ ယောက်က ထပ်တို့းပေါ့နော်။ အဲ့ဒီထဲက Baby နွေးနွေးဆိုတာက မနွေးနွေးရဲ့သမီး၊ ရင်ခွင်ထဲတင် တခါတည်း ခေါင်းတခြား ကိုယ်တခြားနဲ့ အသားစတွေကို ပန်းကန်ထဲ ထည့်ကောက်ရတာ အဲဒီဥစ္စာက၊ မွေးကင်းစသာသာလေးပေါ့။ စိုးရိမ်ရတဲ့လူနာက ၈ ယောက်လောက်တော့ ရှိဦးမှာပေါ့၊ ခြေပြတ် လက်ပြတ်တွေပေါ့၊ ဒေသရဲ့အခြေအနေက လေယာဉ်ကို ကြောက်နေရတယ်။ သေဆုံးအလောင်းတွေကတော့ ကျနော်တို့ ချက်ချင်း သင်္ဂြိုဟ်ပြီးပြီဗျ။ ကျနော်တို့ဒီမှာ ဘာမှလုပ်မရဘူး ဖြစ်နေတာ၊ Star Link တွေက မဖွင့်ရဲကြဘူးလေ၊ လေယာဉ်က တောက်လျှောက် နေ့ရောညရော ဝဲနေတာ ကျနော်တို့ဘက်မှာ” လို့ ပြောပါတယ်။

နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေအရ မင်းစုရွာမှာ ဗုံးဒဏ်ကြောင့် အိမ်ခြေ ၂၂ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး မြေပြင်မှာ တွေ့ရတဲ့ လက္ခဏာတွေအရ စစ်ကောင်စီ လေယာဉ်က ပေါင် ၅၀၀ ကလပ်စတာဗုံးနဲ့ ကြဲချခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

မင်းကင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမင်းစိုးက “မင်းကင်းက တော်တော်ဆိုးဆိုးရွားရွား ဖြစ်ကြတာ များတယ်ဗျ။ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ ကိစ္စပေါ့။ ပြည်သူကို ပြည်သူလို့ မမြင်ဘဲနဲ့ သေရလောက်အောင်အထိ လေကြောင်း ဒီလိုကြီး တိုက်ခိုက်တာတော့ တော်တော်လူသားမဆန်ဘူးလို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်။ မင်းစုရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မျိုးကတော့ နိုင်ငံတနိုင်ငံလုံး နေရာအနှံ့အပြားမှာ ဖြစ်နေကြတာဆိုတော့ ဒီမင်းကင်းမှာသာမက တခြားနေရာတွေလည်း ပိုပြီးတော့ ဂရုစိုက်စေချင်တယ်။ ဒီကောင်တွေ မိုက်သထက်မိုက်တွင်းနက်လာကြပြီ။ အဲဒီအတွက် ကျနော်တို့ ပြည်သူတရပ်လုံးက ပိုပြီးစည်းလုံးဖို့လိုပါတယ်၊ ပိုပြီးညီညွတ်ဖို့ လိုပါတယ်။ ကျနော်တို့ တော်လှန်ရေးအသင်းအဖွဲ့တွေအားလုံးကလည်း ပြည်သူကို ကျနော်တို့ ပိုပြီးကာကွယ်ဖို့ လိုလာပါတယ်ပေါ့” လို့ ပြောပါတယ်။

မတ် ၂၈ ရက်နေ့ စစ်ကိုင်းငလျင်အလွန်ကာလမှာ စစ်ကောင်စီရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် မင်းကင်းမြို့နယ်ထဲမှာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးပစ္စည်းတွေမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက မင်းကင်းနယ်နဲ့ ကနီနယ်ကို ချင်းတွင်းမြစ်ရိုးရေလမ်းခရီးနဲ့ဆက်စပ်ပြီး နယ်မြေထိန်းချုပ်ချင်တာကြောင့် ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013