DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေး
DVB
·
May 26, 2025
မြန်မာစစ်ခေါင်းဆောင်တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေး
Donate to DVB

၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ မျက်နှာစုံညီဆွေးနွေးပွဲကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ  မေ ၂၆ ရက် မနက်က စတင်ကျင်းပနေပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပတဲ့ ဒီအစည်းအဝေးမှာ အာဆီယံအတွင်းရေးမှူးချုပ် အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နေပေမဲ့ မြန်မာစစ်ခေါင်းဆောင်ကတော့ တက်ရောက်ခွင့်မရဘဲ စစ်ကောင်စီ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါတယ်။

ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမယ့် အဓိကအကြောင်းအရာတွေထဲမှာ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ အမေရိကန်ရဲ့ သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံတဲ့ ကိစ္စတွေအပြင် မြန်မာ့အရေးလည်း ပါဝင်မယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆွေးနွေးပွဲမတိုင်ခင် ပြောကြားထားပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်တယောက် ခန့်ထားနိုင်တယ်လို့ Nikkei Asia နစ်ကေးအေရှသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးအလွန် အပစ်အခတ်ရပ်စဲထားတဲ့ကာလကို ထပ်တိုးဖို့နဲ့ ငလျင်ဘေးသင့် ဒေသအပြင် အပစ်ရပ်ထားတဲ့နေရာ ထပ်တိုးချဲ့လုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊  ရှေ့မတိုးနိုင်ဖြစ်နေတဲ့ မြန်မာပြည်ငြိမ်းချမ်းရေးရည်ရွယ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် အသစ်တဖန် ပြန်လည်ဖိအားပေးလုပ်ဆောင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ်ဟာဆန်က မနေ့ကကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီရိုနိုကတော့ မြန်မာ့ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက်  အားပေးတဲ့အကြောင်း အလေးပေး ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးကို အကြောင်းပြပြီး စစ်ကောင်စီက အပစ်ရပ်ကြေညာထားပေမဲ့ တဖက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင် စစ်ကြောင်းထိုးတာတွေကို မရပ်မနား ဆက်လုပ်နေပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေကို ပါဝင်တက်ရောက်ခွင့်နဲ့ အာဆီယံတဖွဲ့လုံးအနေနဲ့ မြန်မာကို လေယာဉ်ဆီတင်သွင်းမှု ပိတ်ပင်တားဆီးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုနေပါတယ်။

မေ ၂၅ ရက်က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့တောင်အာရှ နျူကလီးယားကင်းစင်ရေးဇုန်ကော်မရှင် အစည်းအဝေး၊ ၂၉ ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေး၊ ၃၆ ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနဲ့ အာဆီယံ-ပင်လယ်ကွေ့ ပူး ပေါင်းဆောင်ရွက်ရေး ကောင်စီအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မေ ၂၆ ရက် ဒီနေ့ စတင်ကျင်းပမှာဖြစ်ပြီး မေ ၂၇ ရက်မှာတော့ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊  ပင်လယ်ကွေ့ဒေသက ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

Source: Agencies News

Photo: ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013