DVB Logo
Home
Lead Story
ပညာရေးဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ ဖြစ်တယ် - ကိုကိုကြီး
DVB
·
November 12, 2014
ပညာရေးဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ ဖြစ်တယ် - ကိုကိုကြီး
Donate to DVB

သမ္မတက လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှုရဲ့ အမြင့်မားဆုံးတုံ့ပြန်မှုအဖြစ် နိုင်ငံတ၀န်းက ကျောင်းသား ၅၀၀ ကျော် ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ စတင်လိုက်ကြပါတယ်။

Ko Ko Gyi 12112014ရန်ကုန် နာရေးကူညီမှု အသင်းမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးတို့လည်း တက်ရောက် အဖွင့်အမှာစကားပြောဆိုခဲ့ကြပါတယ်။
ဒီအမှာစကားမှာ ဦးကိုကိုကြီးက ကျောင်းသားထုကို ဘာတွေ ပြောခဲ့သလဲ။ ကျောင်းသားတွေရဲ့ စုစည်းလှုပ်ရှားမှုအပေါ် ဘယ်လို မြင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကိုကိုကြီးအနေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေးမှာ အဓိကအားဖြင့် ကျောင်းသားထုကို ဘာမက်ဆေ့ခ်ျ (သတင်းစကား) တွေ ပေးခဲ့ပါသလဲ။

“အဓိကတော့ ကျနော်တို့ မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ရပ်တိုင်းမှာ ကျောင်းသားထု အခန်းကဏ္ဍအရေးကြီးတယ်။ ကျနော်တို့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှာရော၊ ဒီစစ်အာဏာသိမ်း ဆန့်ကျင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှု တလျောက်လုံးမှာပါ ကျောင်းသားထုရဲ့ အခန်းကဏ္ဍဟာ တောက်လျောက် အရေးကြီးခဲ့တယ်၊ အရေးပါခဲ့တယ်။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှုဟာ လူထုလှုပ်ရှားမှုနဲ့ ဆက်စပ်နိုင်တဲ့ အခါမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ဒီတော့ ဒီနေ့ ဖြစ်နေတဲ့ အကူးအပြောင်း စပ်ကူးမတ်ကူးကာလ အတွေ့အကြုံ ကတော့ ကျနော်တို့ အရင်က ကျောင်းသား လှုပ်ရှားမှုတွေနဲ့ မတူတဲ့ ထူးခြားတဲ့ အခြေအနေတခုကို ဖြတ်နေရတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားထုအနေနဲ့လည်း မျက်စိ ၂ ဖက် ရှိသင့်တယ်။ တဖက်ကတော့ ကိုယ့်ကျောင်းသားထု အခွင့်အရေး ဒီပညာရေး ဥပဒေလို ကိစ္စမျိုး ဒါအရေးပါတဲ့ ကိစ္စမျိုးမှာ ကျယ်ကျယ်ပြန့်ပြန့် စေ့စေ့စပ်စပ်သိနားလည်တဲ့ မျက်စိတဖက်ရှိဖို့ လိုတယ်။ နောက်တခုကတော့ နိုင်ငံရဲ့ အပြောင်းအလဲ မြင်ကွင်းတခုလုံးပေါ့ အပြောင်းအလဲ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မျက်လုံးတဖက် ရှိဖို့လိုတယ်။ အဲလိုမျိုးဆက်စပ်ပြီးတော့ ကြည့်ဖို့ လိုတယ်ဆိုတာကို အဓိကထားပြောခဲ့ပါတယ်။ အမျိုးသားပညာရေး ဥပဒေဆိုရင်လည်း ပညာရေးဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ ဖြစ်တယ်။ ဒါကြောင့်မို့လို အမျိုးသား ပညာရေး ဥပဒေမှာလည်းပဲ ဒီသက်ဆိုင်ရာ ကျောင်းသား အဖွဲ့အစည်းတွေ အားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးတဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အဓိက ကျနော်တိုက်တွန်းခဲ့တာပါ။”

အမျိုးသားပညာရေး ဥပဒေကို နိုင်ငံတ၀န်းလုံးက ကျောင်းသား ၅၀၀ လောက် ရန်ကုန်မှာ စုပြီး ဆွေးနွေးကြတဲ့အပေါ် ဦးကိုကိုကြီးက ဘယ်လိုမြင်ပါသလဲ။ သူတို့ရဲ့ လှုပ်ရှားမှုကို ဘယ်လိုမြင်ပါသလဲ။

“ကျနော်တို့လည်း ကျောင်းသားခေါင်းဆောင်ဘ၀ကနေ အခု လက်ရှိ အခြေအနေထိပေါ့။ နိုင်ငံရေးလောကထဲမှာ ဖြတ်သန်းလာတဲ့ အခါကျတော့ ကျောင်းသားရဲ့ အရွယ်သဘာဝက စွန့်လွှတ် စွန့်စားတယ်၊ အနစ်နာခံတယ်ဆိုတဲ့ အဓိက ဒီ သတ္တိဗျတ္တိနဲ့ ပတ်သက်လို့ရှိရင် ကျောင်းသားအရွယ်ရဲ့ အားကောင်းမှုပေါ့။ တကယ် ရလဒ်တွေနဲ့ အဖြေတွေ ထွက်ဖို့ ဆိုတဲ့ အခါမှာတော့ သတ္တိတင်မကဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်တဲ့ ချဉ်းကပ်မှုတွေပါ လိုတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ ပတ်သက်ရင်တော့ ဥပဒေ တော်တော်များများဟာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေ ရေးဆွဲတာ၊ ဥပဒေကြမ်းရေးဆွဲတာ အဆိုတင်တာ အဲဒါမျိုးတွေပဲ ဖြစ်နေတော့ ဥပဒေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ အရေးပါတယ်လို့ ကျနော်အနေနဲ့ မြင်တယ်၊ နောက်ပြီးတော့ နိုင်ငံက တဖြည်းဖြည်းနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချဖို့ လုပ်နေတဲ့အချိန်မှာ ပညာရေးနယ်ပယ်မှာ ဗဟိုချုပ်ကိုင်မှုတွေပဲ လွှမ်းမိုးနေမယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့ အပြောင်းအလဲနဲ့ ဆက်စပ်တဲ့ အခြေအနေ မဟုတ်ဘူး၊ ဒါကြောင့် ပညာရေးမှာလည်း ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ သူတို့ ဆန္ဒဖော်ထုတ်ခွင့် အစရှိတဲ့ အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ပညာရေး မူဝါဒတွေ ဖြစ်သင့်တယ်လို့ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။”

ကျောင်းသားတွေ တွေ့ဆုံတဲ့နေရာမှာ အာဏာပိုင်တွေက လာပြီး သတင်းရယူတာတွေ ဆွေးနွေးပွဲကို ခွင့်ပြုချက်ယူပြီးတော့မှ လုပ်ဆောင်ဖို့ ပြောကြားတာတွေနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးက ဘာများ မှတ်ချက်ပေးပြောကြားလိုပါသလဲ။

“လုံခြုံရေး တပ်ဖွဲ့တွေဖက်က နောက်တခါ အစိုးရအဆက်ဆက်က အမြင်ကလည်းပဲ ကျောင်းသား လှုပ်ရှားမှုဆိုလိုရှိရင် ကျောင်းသားတွေ စုပြီဆိုတာနဲ့ သူတို့က ဒါကို လုံခြုံရေးအရ သတိထားရမယ့်ကိစ္စလို့ သူတို့က အစဉ်အလာအားဖြင့် မြင်တဲ့ဟာက အခုထက်ထိ မပြောင်းသေးဘူး။ အဲတော့ ကျနော်ကတော့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ရှိရင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ကို ခွင့်ပြုသင့်တယ်။ ဒါကို အန္တရာယ်အဖြစ် မသတ်မှတ်သင့်ဘူး လို့ မြင်တယ်။ တကယ်တော့ ကျောင်းသားအရွယ်ကနေပြီးတော့မှ ၀န်ထမ်းပိုင်း အစရှိသဖြင့် ပညာရှင်ပိုင်း တပ်မတော်ပိုင်းအစရှိသဖြင့် နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွားမှာက ဒီကျောင်းသားဆိုတဲ့နေရာပဲ၊ ကျောင်းသားတွေဘ၀ဟာ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀ဟာ အဖွဲ့အစည်းနဲ့ လုပ်တတ်တဲ့ အတွေ့အကြုံတွေ သူတို့ အယူအဆကို လွတ်လွတ်လပ်လပ် ဆွေးနွေးတာ ငြင်းခုံတာ အဲဒါတွေဟာ တမင်ကို ကျနော်တို့က ဖန်တီးပေးရမယ် ခွင့်ပြုရမယ့်ကိစ္စတွေလို့ မြင်ပါတယ်။ အထူးသဖြင့် ပညာရေး ဥပဒေလိုမျိုး ကျောင်းသားတွေနဲ့ တိုက်ရိုက် ထိစပ်နေတဲ့ ကိစ္စမျိုးတွေမှာ ကျောင်းသားတွေ တွေ့ဆုံ ဆွေးနွေးခွင့်ကို ကန့်သတ်တာတွေဟာ လက်ရှိ အပြောင်းအလဲနဲ့ လိုက်လျောညီထွေ မဖြစ်ဘူးလို့ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်။”

ဦးကိုကြီးအနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျာ။
“ကျနော်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင် ဒီနေ့ အပြောင်းအလဲဟာ အင်မတန်လေး အကဲဆတ်တဲ့ အခြေအနေမှာ ရောက်နေတယ်။ ရောက်နေတော့ ကျနော်တို့ဟာ သက်ဆိုင်ရာနယ်ပယ်က အခွင့်အရေးတွေ သက်ဆိုင်ရာနယ်ပယ်က အကြောင်းအရာတွေကို အာရုံစိုက်တာနဲ့ တပြေးညီပဲ တနိုင်ငံလုံး ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အရွေ့တွေပေါ့။ အဲဒါတွေပါ ဆက်စပ်ပြီး လေ့လာဖို့ လိုတယ်။ လုပ်တဲ့အခါမှာလည်း ကျနော်တို့က သတ္တိရှိရှိနဲ့ လုပ်ရုံတင် မလုံလောက်ဘူး။ အတွေးအခေါ်အရရော ဗဟုသုတအရရော အားလုံးအကြံဉာဏ်တွေ ရယူပြီးတော့ တဆင့်ပြီးတဆင့် ဆင့်ကဲဖြစ်ပေါ် တိုးတက်လာအောင် အဆင့်တိုင်း အဆင့်တိုင်းမှာ တိုးတက်မှုတွေ ရှိအောင် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013