
မန်ယူ ကစားသမားဟောင်းတွေ ဖြစ်တဲ့ တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ တွန်မီနေးတို့ဟာ နာပိုလီအသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စီးရီးအေနောက်ဆုံးပွဲစဉ်အထိ အင်တာမီလန်နဲ့ တမှတ်ပဲ ကွာဟတာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး နောက်ဆုံးပွဲစဉ် ၃၈ မှာ နာပိုလီအသင်းက ကတ်ဂလီယာရီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုရယူနိုင်ခဲ့တာပါ။
နာပိုလီအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူနဲ့ တွန်မီနေးတို့ ၂ ဦးကပဲ သွင်းယူပေးခဲ့တာပါ။
စကော့တလန် ကွင်းလယ်လူ တွန်မီနေးဟာ မန်ယူအသင်းကနေ အခုနှစ်ရာသီကမှ နည်းပြ ကွန်တီ တာဝန်ယူနေတဲ့ နာပိုလီအသင်းဆီ ပြောင်းရွှေ့ လာတာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။
ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့် စီရီးအေ တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး နည်းပြကွန်တီက အကောင်းဆုံးနည်းပြဆု ရရှိခဲ့ပါတယ်။
တိုက်စစ်မှူး လူကာကူကတော့ ၁၄ ဂိုးသွင်း ၁၀ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပြီး နာပိုလီအသင်းကို ချန်ပီယံဆု ဖလားရရှိအောင် ကူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။