
ငလျင်ဘေးသင့် စစ်ကိုင်းတိုင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေပြီး အရေးပေါ်ဆေးဝါးတွေကို စစ်ကောင်စီက မြို့နယ်တချို့မှာ လုံးဝရောင်းချခွင့်မပေးဘဲ ကန့်သတ်ထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာဖြစ်ပေါ်ခဲ့တဲ့ အထွေထွေပြဿနာတွေကြောင့် ကုန်ဈေးနှုန်းတွေ ဆက်တိုက်တက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ အဆိုးဆုံးတိုက်ခိုက်မှုတွေခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ရေးပြဿနာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ ရေကြီးရေလျှံတာ၊ ငလျင်ဘေးသင့်တာ စတဲ့ဘေးဒဏ်တွေကို အဆင့်ဆင့်ကြုံခဲ့ရတာကြောင့် သယ်ယူပို့ဆောင်ရေးလမ်းတွေရပ်ဆိုင်းကုန်ပြီး ကုန်ဈေးနှုန်း အဆမတန်တက်နေပါတယ်။
အဲ့ဒါအပြင် မြို့တော်မုံရွာပတ်ဝန်းကျင်က ခင်ဦး၊ ရေဦး၊ ချောင်းဦး တို့အပါအဝင် မြို့နယ်တချို့ကို ဆေးဝါးမရောင်းချဖို့ မုံရွာမြို့ပေါ်က ဆေးဆိုင်တွေကို စစ်ကောင်စီက တားမြစ်မိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးဒေသခံအမျိုးသမီးတယေက်က “ဆီက ၁ သောင်း ၄ ထောင်၊ ဆန်က ဟိုးခေတ်ကောင်းတုန်းကနဲ့တော့ ယှဉ်မရတော့ဘူးလေ။ ခေတ်ကောင်းတုန်းက ရှယ်မှ ၇ သောင်း၊ အကြမ်းက ၅သောင်း တအိတ်ကို။ အခုအကြမ်းက ၁ သိန်း၊ ရှယ်က ၁ သိန်း ၃ သောင်း။ ၁ သိန်း ၃ သောင်းတောင် တအားကြီးမရှယ်ဘူးနော်၊ ဧရာမင်းတွေ ဘာတွေမရဘူးနော်။ ဧရာမင်းက ၁ သိန်း ၇ သောင်း၊ မနောသုခက ၁ သိန်း ၃ သောင်း၊ ဆန်ကြမ်းကတော့ အကြမ်းပဲခေါ်လိုက်တာပေါ့၊ ဘာဆန်ရယ်တော့ မကွဲတော့ဘူး၊ မခွဲတတ်တော့ဘူးပေါ့နော်။ ဟင်းချိုမှုန့်တွေလည်း အခုအစိတ်သားကို ၃၈၀၀-၄၀၀၀၊ ဟိုးတုန်းက ၁၅၀၀-၂၀၀၀ ရှိတာ။ ဆနွင်းမှုန့်တောင် ၅၀၀ ဖိုးဝယ်မရတော့ဘူးတော်။ အုန်းဆီတောင်မှ တခါလိမ်းရင် ၆၀၀ ဖိုးမှ လိမ်းရတာ တို့လို ဆံပင်ထူတဲ့လူဆို။ သွားတိုက်ဆေးတဘူးကို ဟိုတုန်းက ၇၀၀၊ အခု ၄၅၀၀။ မုံရွာဆေးဆိုင်တွေကို သူတို့က အိမ်စီးကားလေးနဲ့လိုက်ပြီးတော့ ဒီမုံရွာတောင်ဘက်ဆိုရင် ဘယ်ဆေးပစ္စည်းမှ မရောင်းရဘူး၊ ဘယ်ဆေးဆိုင်မှ ဆေးမရောင်းရဘူး၊ အဲ့ဒါကြာပြီဗျ ၃ လလောက်ရှိပြီ ထုတ်ထားတာ” လို့ ပြောပါတယ်။
အထွေထွေပြဿနာတွေကြောင့် ကုန်စည်ရှားပါးတာအပြင် စစ်ကောင်စီဂိတ်တွေကို ဂိတ်ကြေးပေးရတာ၊ ဂိတ်တွေမှာစစ်ဆေးပြီး တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူခံရတာ၊ အလုပ်အကိုင်အခွင့်အလမ်း မရှိတာတွေကြောင့် ရှေ့ဆက်ကာလမှာ ဈေးပိုတက်ပြီး ပိုကြပ်တည်းလာဖို့ပဲ ရှိတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
ခင်ဦးဒေသခံအမျိုးသမီးတယောက်က “ဆီတပုံးကို ၅၀၀ နှုန်းပေးရတယ်၊ ၁၀ ပိဿာဝင် ပုံးတပုံးကို ၅၀၀-၁၀၀၀ ပေးရတယ်။ ပေပါတလုံးကို ၅ သောင်းပေးရတယ်လို့ ပြောတယ်။ စစ်တပ်ဂိတ်ကို ပေးရတာ၊ သူတို့ဂိတ်ကို မပေးရင် ကျော်လို့မရဘူး၊ ဆေးဝါးဆိုတာ အသယ်မခံဘူး၊ ဆေးဝါးက မိရင်အကုန်ချယူတာ။ ရေရှည်ကတော့ အငတ်ဘေးဆိုက်ရုံ ရှိတော့တာပဲ။ စစ်ဘေးဒဏ်လည်းခံရတယ်၊ သဘာဝဘေးဒဏ်လည်းခံရတဲ့အခါရောက်တော့ ပြည်သူတွေက ဒုက္ခပြီးရင်းဒုက္ခဖြစ်နေတာလေ။ အငတ်ဘေးကြုံရုံရှိတော့တာပဲ။ လုပ်စားစရာ လုပ်စရာကိုင်စရာ နေရာမရှိတဲ့အခါကြတော့ ပြည်သူတွေကတော့ အငတ်ဘေးကြုံရုံရှိတော့တာပဲ ရှေ့လျှောက်ကတော့” လို့ ပြောပါတယ်။
ပုလဲဒေသခံဈေးဆိုင်ရှင်တယောက် “ခေတ်ကာလနဲ့ ၂၀၂၂ နဲ့ ၂၀၂၅ နဲ့ အကုန်လုံးကတော့ ထက်ဝက်တွေချည်းပဲ ကုန်ဈေးနှုန်းတွေမြင့်တက်မှုကတော့ အဲဒီလိုသွားတာ။ ခြိုးခြံခြွေတာ တာမှ၊ ရောင်းတဲ့ လူတောင်မှလေ ရောင်းချင်စိတ်တွေကုန်တယ်။ ဒီလိုဈေးနှုန်းတွေ မြင့်တက်မှုနဲ့ စားသုံးသူတွေကို ကြည့်ပြီးတော့လည်း စိတ်မချမ်းသာဘူး။ ကိုယ်ဝယ်ရပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ်လည်း မွန်းကြပ်တယ်။ ရောင်းပြီးပြန်တော့လည်း ကျန်လားလို့ မေးကြည့်လိုက် မကျန်ဘူး။ လျှော့ပေးပြန်လို့ကလည်း အဆင်မပြေ။ အရင်ကထက်စာရင် အများကြီးကွာတယ်။ အခုအနေအထားအရ ပိုက်ဆံလေးကိုပဲ တစိမ့်စိမ့်ကြည့်ပြီး သူတို့မှာ မစားနိုင် ဆိုတဲ့အနေအထားလေးတွေဖြစ်ကုန်ပြီ၊ တော်တော်ကြီးကတော့ကွာတယ်” လို့ ပြောပါတယ်
မတ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်နောက်ပိုင်းမှာ နိုင်ငံတကာက အကူအညီတွေ ပေးခဲ့ပေမဲ့ မြေပြင်လုံခြုံရေးအခြေအနေတွေအရ စာနာထောက်ထားမှုအကူအညီတွေဟာ ပြည်သူတွေဆီကို ရောက်တဲ့ပမာဏ အလွန်နည်းပါးခဲ့ပါတယ်။
စစ်ကောင်စီက ဘေးသင့်ပြည်သူတွေကို အကူအညီပေးရေးထက် စစ်ရေးအမြင်ကိုပို ဦးစားပေးခဲ့ပြီး ဒေသတွင်း ရိက္ခာနဲ့ဆေးဝါးကိုထိန်းချုပ်တဲ့နည်းလမ်းနဲ့ နယ်မြေပြန်စိုးမိုးနိုင်ရေးအတွက် အားထုတ်နေတာလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။