
ဧပြီ ၁၂ ရက်နေ့ ဒီနေ့မှာ ငလျင်နောက်ဆက်တွဲအနေနဲ့ အင်အားအသင့်အတင့်ရှိ ငလျင်ငယ် ၂ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်၊
ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၄ : ၅၇ မိနစ်အချိန်မှာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၂ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာစံတော်ချိန် ညနေ ၅ : ၄၅ မိနစ်အချိန်မှာတော့ ဒုတိယအကြိမ်အနေနဲ့ စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၀ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု ထပ်မံလှုပ်ခတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေအဖြစ်နဲ့ ဆက်လက်လှုပ်ခတ်နေတာဖြစ်ပြီး မြေငလျင်တိုင်းတာစက်နဲ့ ဗဟိုချက်အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေက ဒီကနေ့ ဧပြီ ၁၂ ရက်မှာ ၅ ကြိမ်အပါအဝင် ၁၂၅ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။