DVB Logo
Home
Lead Story
မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ မြန်မြန်ပေါ်ထွက်စေချင်ပြီ- ဒေါ်ခင်နန္ဒာလွင်
DVB
·
November 12, 2014
မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ မြန်မြန်ပေါ်ထွက်စေချင်ပြီ- ဒေါ်ခင်နန္ဒာလွင်
1 / 5
Donate to DVB

မြန်မာပြည်မှာရှိတဲ့ မသန်စွမ်းသူများရဲ့ အခက်အခဲ၊ အခြေအနေနဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီအဖွဲ့ဝင် နားမကြားသူ ဒေါ်ခင်နန္ဒာလွင်ကို ဒီဗွီဘီသတင်းထောက် မောင်လူငယ်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ အခွင့်အရေး ဥပဒေမူကြမ်း တရပ် ပေါ်ပေါက်ရေးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

[caption id="attachment_70689" align="alignright" width="300"] မြန်မာနိုင်ငံ မသန်စွမ်းကောင်စီအဖွဲ့ဝင် နားမကြားသူ ဒေါ်ခင်နန္ဒာလွင် မြန်မာနိုင်ငံ မသန်စွမ်းကောင်စီအဖွဲ့ဝင် နားမကြားသူ ဒေါ်ခင်နန္ဒာလွင်[/caption]

နာမည်လေး ပြောပြပါ ခင်ဗျာ။
“ကျမ နာမည် ဒေါ်ခင်နန္ဒာလွင်ပါ။”

အလုပ်တာဝန်နဲ့ ရာထူးကို ပြောပြပါ။
“ကျမ ရန်ကုန်နားမကြားအသင်းရဲ့ ဒုဘဏ္ဍာရေးမှူးနဲ့ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပါတယ်။”

နားမကြားသူတွေအတွက် အခု လက်ရှိ မြန်မာပြည်မှာ အခွင့်အရေး ရှိလား။ မရှိဘူးဆိုရင် ဘာလဲ။ ရှိရင် ဘာလဲ။ ပြောပြပေးပါ။
“လက်ရှိ ကျမတို့ အခု မြန်မာပြည်မှာ အခွင့်အရေးက နည်းနည်းလေးပါ။ အခွင့်အရေး ရရှိမှုက နည်းပါးလှတယ်။ မသန်စွမ်းသူတွေအတွက် အစိုးရက ပံ့ပိုးပေးမှု အားနည်းတယ်။ အခွင့်အရေးက မပေးတော့ အခက်အခဲများ ရှိပါတယ်။”

အခု အမတို့ မသန်စွမ်းတွေ အခွင့်အရေး မရှိတာ ဘာလဲ။
“မသန်စွမ်းသူများဆိုင်ရာ ဥပဒေ မရှိတာပါ။ ဒါကြောင့် ကျမတို့ အမြဲ တောင်းဆိုနေပေးမဲ့ အစိုးရဘက်က မပေးတာ အခက်အခဲ အများကြီး ရှိပါတယ်။”

အခု မြန်မာပြည်မှာ အစိုးရက မသန်စွမ်းသူတွေအားလုံးကို ဘယ်လို ပံ့ပိုး ကူညီဆောင်ရွက်ပေးသင့်သလဲ။
“အစိုးရက မြန်မာပြည်မှာ မသန်စွမ်းသူတွေကို ပညာရေး၊ အလုပ်အကိုင်နဲ့ မသန်စွမ်းသူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပံ့ပိုး ကူညီဆောင်ရွက်ပေးသင့်တာတွေ လိုအပ်နေတာပါ။”

မြန်မာပြည်မှာ အစိုးရအနေနဲ့ မသန်စွမ်းသူတွေကို ကူညီ ပံ့ပိုးမှု နည်းလား၊ များလား။
“အလွန်နည်းပါတယ်။ များများစားစား မရှိပါဘူး။ တပြည်လုံးက မသန်စွမ်းသူများအတွက် အင်အားမရှိဘူး။ ခက်ခဲပါတယ်။”

လူမှုအသိုင်းအ၀ိုင်းအတွင်းမှာ မသန်စွမ်းသူတွေ ပါဝင်ဆံ့နိုင်အောင် ဘယ်လို ကူညီ ဆောင်ရွက်ပေးရမလဲ။
“နားမကြားသူတွေနဲ့ ခင်မင် ရင်းနှီးတဲ့ အိမ်နီးနားချင်း သန်စွမ်းတဲ့ နားကြားသူတွေဆို ကူညီ ပံ့ပိုးပေးမှု ရှိပါတယ်။ ကိုယ်နဲ့ မသိတဲ့ တခြားတစိမ်းဆို ကူညီပေးမှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နားမကြားတွေရဲ့ ဘ၀ ဖြစ်စဉ်နဲ့ အခြေအနေတွေကို နားကြားသူတွေက နားမလည်ပါဘူး။ နောက်ပြီး ဘာသာဗေဒ ဆက်သွယ်မှုအပိုင်းအခက်အခဲကြောင့် နားမကြားသူတွေလည်း စိတ်အားငယ်ရမှုတွေ ရှိနေပါတယ်။ နားကြားတဲ့သူတွေနဲ့ နားမကြားတဲ့သူတွေကြား တန်းတူညီမျှမှု မရှိလို့ပါ။”

အခု မသန်စွမ်းသူတွေ အားလုံး ဘယ်လို ကြိုးစား ဆောင်ရွက်မလဲ။ အခက်အခဲ ရှိလား။
“လူတိုင်း လူတိုင်း စိတ်နေသဘာဝ မတူကြတာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ မသန်စွမ်းသူတွေအပေါ် ထားရှိတဲ့ အမြင်ဟောင်းတွေ ဖြစ်ပါတယ်။ အစိုးရက မသန်စွမ်းသူတွေ ရပ်တည်နိုင်အောင် အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးနိုင်၊ ကိုယ်တိုင်ရှာ လျှောက်ရင်လည်း ရတဲ့သူ နည်းပြီး အပယ်ခံရတာ များပါတယ်။ အခက်အခဲတွေ ရှိပါတယ်။ မိသားစုကို မှီခိုရတဲ့ မသန်စွမ်းသူတွေက အများစုပါ။”

အခု မြန်မာပြည်မှာ နားမကြားအားလုံး အထူးသုံးစွဲနေတဲ့ ဘုံလက်ဟန်ဘာသာ ရှိလား။
“ဘုံလက်ဟန်ဘာသာစကားတော့ ရှိပါတယ်။ ဒေသအနေအထားအရ လက်ဟန်ဘာသာ မတူတာတွေ အများကြီးလည်း ရှိပါတယ်။”

ဝေးလံတဲ့ဒေသတွေမှာ နားမကြားသူတွေအတွက် လက်ဟန်ဘာသာစကား တူတာ မတူတာတွေ ရှိလား။ ဥပမာပြောရရင် ရန်ကုန်နဲ့ မန္တလေး တူလား။
“ပြောရရင်တော့ ရန်ကုန်မှာ ၁ ခု၊ မန္တလေးမှာ ၂ ခု လက်ဟန်ဘာသာ နည်းနည်းမတူတာ ရှိပါတယ်။ အများကြီး ကွဲပြားနေတာတော့ မဟုတ်ပါဘူး။ တပြည်လုံးက တိုင်းရင်းသားဒေသတွေမှာလည်း ကိုယ်ပိုင် လက်ဟန်ဘာသာ အသုံးပြုတာလည်း ရှိပါတယ်။ နားမကြားတဲ့သူတွေ အချင်းချင်းဆို နားလည်သဘောပေါက်တယ်။”

ဘုံလက်ဟန်ဘာသာတခု ပေါ်ပေါက်လာအောင် အစိုးရအနေနဲ့ ဘယ်လို ပံ့ပိုး ကူညီသင့်လဲ။
“အစိုးရအနေနဲ့ ကူညီခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဂျပန်ဂျိုက်ကာအဖွဲ့တို့ ပူးပေါင်းပြီး နားမကြားသူတွေရဲ့ လက်ဟန်ဘာသာစီမံချက် ၁နဲ့ ၂ ကို လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘုံလက်ဟန်ဘာသာ လုပ်ခဲ့တုန်းက လူမှုဝန်ထမ်းနဲ့ ဆရာ၊ ဆရာမတွေ သူတို့သဘောနဲ့ သူတို့ လုပ်တာပါ။ နားမကြားသူတွေရဲ့ သဘာဝလက်ဟန်တွေ မပါဝင်ဘူး။ နားမကြားတွေ အားလုံး နားမလည်ဘူး။ ဟိုတုန်းက ပြောပိုင်ခွင့်အင်အား မရှိတော့ ဘာဆို ဘာမှမပြောနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။”

နိုင်ငံတကာမှာ အသုံးပြုနေတဲ့ International Sign Language ကို မြန်မာပြည်မှာ အသုံးပြုလို့ အဆင်ပြေနိုင်မလား။
“ဒါမျိုးက နားလည်သူအတွက် အဆင်ပြေနိုင်ပေမယ့် နားမလည်သူတွေအတွက် အဆင်မပြေနိုင်ဘူး။ ဒီ အပြည်ပြည်ဆိုင်ရာ လက်ဟန်သင်္ကေတပြဘာသာစကား (International Sign Language) ကို နိုင်ငံတကာအစည်းအဝေး၊ ဖိုရမ်တို့ ဘာတို့တွေမှာ ကြားခံဘာသာအဖြစ် အသုံးပြုတာပါ။ မြန်မာလူမျိုးအချင်းချင်းဆိုရင် မြန်မာလက်ဟန်ဘာသာကိုဘဲ အသုံးပြုရမှာပါ။”

မြန်မာပြည်မှာ နားမကြားကလေးငယ်များ ပညာသင်ကြားနေတဲ့ ကျောင်းဘယ်နှကျောင်း ရှိလဲ။
“မြန်မာပြည်မှာ နားမကြားကျောင်းက ၃ ကျောင်း ရှိပါတယ်။ ရန်ကုန်မှာ ၂ ကျောင်း၊ မန်းလေးမှာ ၁ ကျောင်းပါ။ ရန်ကုန်နားမကြားကျောင်းနဲ့ မန်းလေးကျောင်းက လူမှုဝန်ထမ်းဦးစီဌာနလက်အောက်မှာ ရှိပါတယ်။ မေရီချပ်မင်နားမကြားကလေးများကျောင်း ကတော့ မစ်ရှင်ကျောင်း ဖြစ်ပါတယ်။”

လက်ရှိ မြန်မာပြည်မှာ ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ နားမကြားကလေးများ ပညာသင်ယူနိုင်အောင် ကျောင်းတွေ ဖွင့်ဖို့ လိုအပ်လား။ လိုအပ်တာ ဘာလဲ။
“အရမ်းကို လိုအပ်ပါတယ်။ အခု ၃ ကျောင်းတည်းနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဝေးကြီးမှာ နေတဲ့သူတွေအတွက် အခက်အခဲ ရှိပါတယ်။ ဆင်းရဲတဲ့သူတွေအတွက်တော့ မတတ်နိုင်တာတွေ၊ လက်လှမ်းမမှီတာ၊ ပညာမသင်နိုင်တာကြောင့် အိမ်မှာဘဲ နေကြတဲ့ နားမကြားသူတွေက အများကြီးပါ။ ငွေကြေးတတ်နိုင်တဲ့မိဘတွေက နားမကြားကလေးတွေကိုဘဲ ကျောင်းထားပေးနိုင်တယ်။ ကျောင်းမနေနိုင်တဲ့ နားမကြားကလေးတွေက တပြည်လုံးမှာ အများကြီး ရှိနေတော့ ပြည်နယ်နဲ့ တိုင်းမြို့တော်တွေမှာ နားမကြားကျောင်းတွေ တည်ထောင် ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။”

အခု လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းအပေါ် ဘယ်လိုမြင်လဲ။ ကောင်းလား၊ မကောင်းဘူးလား။ မသန်စွမ်းတယောက်အနေနဲ့ ကြည့်ရင် စိတ်ထဲ ဘယ်လို သဘောထားလဲ။
“ဒါကို ပြောရရင် အရင်က လွှတ်တော်က အတည်မပြုခင်၊ ပြုပြီးခင်တွေမှာ ဒီဥပဒေကြမ်းအတွက် ဆွေးနွေးပွဲတွေမှာ ပါဝင်ပေးမဲ့ ဒီ ဥပဒေမှာ ဘာတွေပါလဲ၊ ဘာတွေ လိုအပ်နေလဲ၊ အားလုံးကို ကျမတို့ နားမကြားတွေ မသိပါဘူး။ အစီအစဉ်တွေ အားလုံး ပြောပြမှု မရှိဘူး။ ဘာဆို ဘာမှ မသိရတော့ မပြောပြနိုင်တာ ၀မ်းနည်းပါတယ်။”

ဒီ အမျိုးသားပညာရေးမူကြမ်းအတွက် တာဝန်ရှိသူတွေက နားမကြားသူတွေကို ဘာလို့ ရှင်းမပြတာလဲ။ ဘာကြောင့်လဲ။
“နားမကြားသူတွေကို ရှင်းပြမှု မရှိဘူး။ ဘာကြောင့်ဆိုတော့ နားကြားတဲ့သူတွေက အစည်းအဝေးတွေမှာ ပြောတာ နားမကြားတွေက ဘယ်လို နားလည်မလဲ။ ပြီးတော့ အောက်ခြေ နားမကြားသူအများစုကို ပြန်လည် မရှင်းပြတော့ အမျိုးသားပညာရေးဥပဒေကြမ်းကို သိတဲ့သူ နည်းလှတယ်။”

နောက်ထပ် မသန်စွမ်းသူတွေ အခွင့်အရေး ရဖို့ ရှိလား။
“လွှတ်တော်ကနေ လုပ်ဆောင်ရမှာအများကြီးပါ။ ဒါပေမဲ့ တခုနဲ့ တခု မတူတာတွေ အများကြီး။”

လက်ရှိ မြန်မာပြည်မှာ နားမကြားသူများအားလုံး အလုပ်အကိုင် အခွင့်အလမ်းရှိလား။ မရတာ ဘာကြောင့်လဲ။
“အားလုံး အလုပ်အကိုင်အခွင့်အလမ်း ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ အနေနဲ့ မသန်စွမ်းသူတွေ အလုပ်အကိုင် အခွင့်အလမ်းအတွက် မစဉ်းစားဘူး။ နားမကြားသူတွေက ဆွေမျိုးသားချင်း ဒါမှမဟုတ် မိသားစုစီးပွားရေးလုပ်ငန်းမှာ လုပ်နေသူ အနည်းစုဘဲ ရှိပါတယ်။ ကျန်တာ အများစုက အလုပ်မရှိကြဘူး။ အလုပ်လျှောက်လည်း မရကြတော့ မိသားစုကို မှီခိုသူ များပါတယ်။ ဒါက အဓိက ပြဿ နာပါ။”

ဖြည့်စွက် ပြောလိုတာ ရှိရင် ပြောပါ။
“ကျမ ပြောချင်တာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ နားမကြားမိန်းကလေးများအပေါ် သန်စွမ်းတဲ့ တချို့နားကြားသူတွေက အဓမ္မကျင့်တာ၊ စော်ကားတာတွေနဲ့ သတ်ဖြတ်ခံ ရတာတွေကို ခံရမှုတွေနဲ့ သေဆုံးမှုတွေ ရှိပါတယ်။ မိဘတွေအနေနဲ့ နားမကြားကလေးများအပေါ် နားမလည်တာတွေ ဖြစ်ပါတယ်။ နောက်ပြီး အစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအနေဖြင့် နားမကြားသူများအပေါ် ဥပဒေရဲ့ အရိပ်အောက်မှာ ကာကွယ်စောင့်ရှောက်မှု မရှိဘူး။ ပစ်ထားသလို လျစ်လှူရှုထားသလို ရှိပါတယ်။ ဒုက္ခရောက်နေတာတွေနဲ့ ခွဲခြားဆက်ဆံ အနှိမ့်ခံရတာတွေလည်း ရှိသလို အထင်အမြင် သေးမှုတွေကိုလည်း ခံစားနေရပါတယ်။ ဒါတွေဟာ နားမကြားသူတွေအားလုံးအတွက် ၀မ်းနည်းစရာတွေပါ။”

အခုလို ပြောပြတာ အများကြီး ကျေးဇူးတင်ပါတယ်။
“ကျမလည်း ကျေးဇူးတင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013