
ဆန်ဒီယေဂိုမှာ လေယာဉ်ငယ်တစီးပျက်ကျခဲ့ပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၆ ဦးစလုံး သေဆုံးခဲ့တယ်လို့ မေ ၂၃ ရက်မှာ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေး ဘုတ်အဖွဲ့ (NTSB) တာဝန်ရှိသူတယောက်က ပြောပါတယ်။
မေ ၂၃ ရက် အစောပိုင်းက မောင်ဂိုမဲရီး-ဂစ်ဘ်စ် ပုဂ္ဂလိကသုံး အသေးစား သီးသန့် လေယာဉ်ကွင်းကို ဆင်းသက်ဖို့ ချဉ်းကပ်လာတဲ့အင်ဂျင် ၂ လုံးတပ် ဆက်စ်နာ ဆိုက်တေးရှင်း လေယာဉ်ငယ်ဟာ ဓာတ်အားလိုင်းတချို့ဖြတ်တောက်ပြီး ဂေါက်ကွင်းအနောက်ဘက်ရှိ စစ်တပ်အိမ်ရာဝင်းထဲကို ပျက်ကျသွားကြောင်း NTSB စုံစမ်းစစ်ဆေးရေးမှူး ဒန်ဘိတ်ကာက ပြောပါတယ်။
လေယာဉ်ဟာ လမ်းမပေါ်ကို အရှိန်ပြင်းပြင်း ပြုတ်ကျသွားပြီး ချက်ချင်းပဲ မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးသွားခဲ့ကြောင်း ဒန်ဘိတ်ကာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လေယာဉ်ပေါ်က ဘယ်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိပေမဲ့ မြေပြင်ပေါ်ကတော့ ဒဏ်ရာအပြင်းအထန်ရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒန်ဘိတ်ကာက လူအရေအတွက် အတိအကျ မပြောသွားပေမဲ့ တာဝန်ရှိသူတွေက လေယာဉ်မှူး အပါအဝင် အားလုံး ၆ ယောက် လေယာဉ်ပေါ် ပါသွားကြောင်း အရင်ပြောထားဖူးပါတယ်။
လျှပ်စစ်ဓာတ်အား မြင့်တက်မှုကြောင့် လေယာဉ်ကွင်းမှာ လေဆိပ်ရာသီဥတုစနစ်က အလုပ်မလုပ်တော့သလို လေဆိပ်ပြေးလမ်း မီးပြစနစ်လည်း ပျက်သွားခဲ့ပါတယ်။
မြေပြင်ပေါ်မှာ လူ ၈ ဦးကို အခင်းဖြစ်ပွားရာနေရာနဲ့ အနီးမှာ ကုသမှုခံယူစေရကြောင်း ဆန်ဒီယေဂို မီးသတ်နဲ့ကယ်ဆယ်ရေးဌာနမှမှ ပြောရေးဆိုခွင့်ရှိသူ ကန်ဒေ့စ် ဟဒ်လီ က ပြောကြားပါတယ်။
မီးလောင်မှု ပျံ့နှံ့လာတာကြောင့် အနီးအနားနေသူ တချို့ဟာ သူတို့ရဲ့အိမ်နီးချင်းတွေကို အန္တရာယ် ကင်းကင်း နေရာရွှေ့ပြောင်းပေးမှုမှာ အဓိကကျကျ ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂ ယောက်ဟာ လေယာဉ်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပိုင်ရှင် ဂီတလုပ်ငန်းအေးဂျင့် ဒေ့ဗ် ရှပီရို နဲ့ မက်တယ်ရော့ခ်ဂီတအဖွဲ့ The Devil Wears Prada မှ ဒရမ်သမားဟောင်း ဂီတပညာရှင် ဒယ်နီရယ် ဝီလျံစ် တို့ဖြစ်ကြောင်း ပြည်တွင်းသတင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source;Reuters