စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က သာစည်မင်စုရွာကို မေ ၂၃ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ ကလေးအပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းကင်းဒေသခံတယောက်က “ဒဏ်ရာအပြင်းအထန် ၁၃ ယောက်၊ သေဆုံးက ၁၁ ယောက်၊ မွေးကင်းစ လသားလေးတယောက်က အလောင်းကောက်မရလိုက်ဘူးပေါ့နော်၊ အသားပဲ ပုံထားလိုက်ရတယ်။ ကျန်တာတွေ ၁၀ ယောက်ကတော့ အလောင်းရတယ်နော်၊ တယောက်ကတော့ မီးလောင်ပြာဖြစ်သွားတယ်၊ မင်းစုကပဲ အကုန်သေတာ၊ မင်းစုတရွာတည်းပဲ ထိတာနော်၊ အိမ်ခြေက ၁၀ လုံးဝန်းကျင်ကျော်ကျော်လောက်ရှိမယ်။ အခုဟာ မြေပြင်မှာက ကျင်းကွက်ကတော့ တော်တော်များများတွေ့ရတယ်။ အသေးတွေရောပေါ့နော်၊ ကျင်းကွက်ကြီးတာတော့ ၂ လုံးပဲတွေ့ရတယ်။ ပေါင် ၅၀၀ ကလပ်စတာဗုံးဖြစ်ဖို့များတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုန်းပင်တွေ ထန်းပင်တွေတောင်မှ တခါတည်း ခါးပြတ်ထွက်တာဆိုတော့လေ။"
စစ်ကောင်စီက မင်းစုရွာကို ဗုံး ၂ လုံး ကြဲချသွားတာဖြစ်ပြီး နေအိမ်လည်း ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံနောက်တယောက်က ပြောပါတယ်။
“ဗုံးကြဲတာက မင်းစုရွာအနောက်တောင်ပိုင်းကို ကြဲချတာဗျ။ ကျနော်တို့မင်းစုရွာက သာစည်ရွာရဲ့ ရွာခွဲတခုမို့ ဒေသတွင်းမှာ သာစည်မင်းစုရွာလို့ ခေါ်ကြတာဗျ။ အခု ကြဲချသွားတာက ဗုံးသီး ၂ လုံးကြဲချတာတာ။ အဲလိုကြဲချလို့ လူနေအိမ် ၁၀ ထက်မနည်းပျက်စီးတယ်။ အုန်းပင်နဲ့ တခြားသစ်ပင်ကြီးတွေလည်း ကျိုးကျပျက်စီးတယ်” လို့ ပြောပါတယ်။
မေ ၂၃ ရက်က မင်းစုရွာနဲ့ ၂ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ မုံရွာ-ယာကြီးကားလမ်းပေါ်က ပျူစောထီးအခြေစိုက် မအူရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မင်းစုရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က ပြောပါတယ်။
“စစ်တပ်က ကလပ်စတာဗုံးကို အသုံးပြုသွားတာဖြစ်မယ်ဗျ။ မြေပြင်မှာ ကျင်းဖြစ်တာတွေက အတော်များတယ်။ ကျင်းအကြီးက ၂ ခုတော့ တွေ့ရတယ်။”
ဒဏ်ရာရသူတွေများတာကြောင့် ဆေးဝါးမလုံလောက်ဘဲ တခြားမြို့နယ်က ဆေးရုံတွေဆီကိုပါ ပို့ရမယ်လို့ ရွာတာဝန်ရှိသူတယောက်က ပြောပါတယ်။
မင်းစုရွာဟာ မုံရွာ-ယာကြီး-ကလေး ကားလမ်းဘေးမှာတည်ရှိပြီး အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲကြောင်းကြေညာထားပေမဲ့ လက်တွေ့မြေပြင်မှာတော့ နယ်မြေထိန်းချုပ်ရေးအတွက် နည်းလမ်းစုံအသုံးပြုပြီး စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို တိုက်ခိုက်နေတာပါ။
DVB ရဲ့ မှတ်တမ်းတွေအရ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ မေ ၂၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၇၄၄ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀၆ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။
သုတချမ်းသာ/စီဂျေ