Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ဒေသက မိဘများ ကလေးများကို ကျောင်းလွှတ်ရန် စိုးရိမ်နေ
DVB
·
May 24, 2025

မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေမှာ မေ ၂၂ ရက်ကစပြီး ကျောင်းအပ် လက်ခံနေပေမဲ့ ငလျင်ဘေးဒဏ်သင့်ဒေသက ကျောင်းသားမိဘတွေဟာ ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်နေကြပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတဝန်းလုံးက အခြေခံပညာကျောင်းအားလုံး ဇွန် ၂ ရက် စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းအပ်လက်ခံတာကိုတော့ မေ ၂၂ ရက်က စတင် ဆောင်ရွက်ပေးနေပြီလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒီလို ကျောင်းအပ်လက်ခံနေပေမဲ့ ငလျင်ဒဏ်သင့် ဒေသတွေမှာ ကျောင်းတွေ ထိခိုက်ပျက်စီးထားပြီး နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသက ကေလာ၊ ရွာမ၊ အိုင့်ထောင်ကြီး၊ သဲလဲဦးအင်း၊ ဇရပ်ကြီးနဲ့ နန်းပန် ကျေးရွာတွေက စာသင်ကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကေလာနဲ့ ဇရပ်ကြီး ကျေးရွာတွေမှာ ကျောင်းဖွင့်ချိန်အမီ ယာယီကျောင်းဆောင် ပြန်လည်တည်ဆောက်ပေးနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အင်းလေးဒေသခံ ကျောင်းသားမိခင်တယောက်က “ကျောင်းဖွင့်ရင် သူများကလေးတွေ ကျောင်းတက်ရင် ကိုယ့်ကလေးလည်း ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ အခုက ငလျင်ကလည်း မကြာမကြာ လှုပ်နေတာမျိုးတွေ ရှိတယ်လေ၊ သိပ်တော့ စိတ်မချရသေးဘူးထင်တာပဲ၊ ဒီလို စိုးရိမ်မှုတွေ ရှိတာပေါ့။ ယာယီကျောင်းဆောင်တွေ ဆောက်နေတာမျိုးတော့ ရှိတယ်၊ ဒါပေမဲ့ ဘယ်လိုအစီအစဉ်တွေနဲ့ သွားမလဲတော့ မသိပါဘူး” လို့ ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အထိအခိုက်များခဲ့တဲ့ မန္တလေးမှာလည်း နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်နေသေးတဲ့အတွက် ကျောင်းဖွင့်ချိန်မှာ ကလေးတွေကို ကျောင်းလွှတ်ဖို့ စိတ်မချဖြစ်နေတယ်လို့ မိဘတွေက ဆိုကြပါတယ်။

မန္တလေးဒေသခံတယောက်က “ကျောင်းအခြေအနေမှာက ငလျင်ကလည်း တောက်လျှောက် ရှိနေတာ ဖြစ်တဲ့အတွက် စိတ်ချရလားဆို ဒါက ကျနော်တို့ စိတ်ချရတယ်လို့ ပြောလို့ မရဘူးပေါ့နော်။ ဘယ်လိုပဲ အဆောက်အအုံ ခိုင်မာနေဦး စစ်ဆေးပြီးတော့ ကျောင်းက ကြံ့ခိုင်မှု ရှိပါတယ်၊ ဘယ်လောက်ပဲ ပြောနေ ကျနော်တို့ စောနက ပြောတဲ့ ငလျင်က ရှိနေသေးတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ချရလားဆိုတဲ့ အထဲမှာတော့ ကျနော်တို့ စိတ်ချရမှာတော့ မဟုတ်ဘူး။ ဒါက လက်ရှိ ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်၊ ကျောင်းတွေမှာ ငလျင်နဲ့ပတ်သက်တဲ့ အသိပညာပေး၊ ကာကွယ်နည်းတို့ ဒါတွေကို ဘယ်လို ဆက်ဆောင်ရွက်ရမလဲဆိုတာ ဒါ ကျောင်းဖွင့်ရင်တော့ မိဘတွေက ဆက်လက်စောင့်ကြည့်ရမယ့် အရာမျိုးပေါ့နော်။ ငလျင်ကလည်း ဆက်တိုက်လှုပ်နေတဲ့အတွက် မိဘတွေအနေနဲ့ ကျောင်းလွှတ်ဖို့တော့ နည်းနည်းလေး စိတ်ထဲမှာ ဖီလင်တခုအနေနဲ့တော့ မိဘတိုင်း ရှိကြတဲ့ အနေအထားပေါ့နော်။ ကျောင်းလွှတ်ဖို့ စိတ်မချနေသေးတဲ့ အခြေအနေပေါ့နော်။ ကလေးတွေအနေနဲ့ကလည်း တကယ်လို့ ဖြစ်ခဲ့ရင် သူတို့ ကျောင်းတက်နေစဉ် လှုပ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာမျိုးတွေပေါ့နော် ပြောနေကြတာတွေလည်း အများကြီး ရှိကြတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဩဇာခံ သတင်းဌာနတွေမှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့နယ်က ကျောင်းပေါင်း ၄၂ ကျောင်းနဲ့ ကျောင်းဆောင်ပေါင်း ၁၁၅ ဆောင် ပျက်စီးခဲ့တဲ့အတွက် ယာယီကျောင်းဆောင် ၄၀ ဆောက်လုပ်ပေးထားတယ်လို့ ကြေညာထားပါတယ်။

DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေအရတော့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ကျောင်းပေါင်း ၂,၅၆၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024