
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဝင်အထွက်လမ်းကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ဒေသတွင်းမှာ ကုန်စည်ရှားပါးမှုတွေ ရှိလာပြီး သယ်ယူရခက်ခဲနေတယ်လို့ ကလေးမြို့နယ် ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကလေးမြို့မြောက်ပိုင်းလမ်း ဆည်ကြီး စစ်ဆေးရေးဂိတ်နဲ့ တောင်ပိုင်းလမ်း မြို့လှ စစ်ဆေးရေးဂိတ်တွေကို ဧပြီ ၂၅ ရက်ကစပြီး ဒီနေ့အချိန်ထိ ပိတ်ထားတာ တပတ်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ကျေးရွာမှာ ကြက်ဥကစ ပြတ်တောက်နေပြီး မြို့ထဲကဝင်တဲ့ ကုန်ပစ္စည်းတွေလည်း ရှားပါးနေပြီလို့ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကွင်းပြီး မြို့ထဲကို ကူးသန်းသွားလာလို့ရတဲ့ လမ်းတချို့ကိုလည်း စစ်ကောင်စီက မြေတူးစက်တွေနဲ့တူးပြီး လမ်းကို ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေတွေကို ကုန်စည်ဖြတ်တောက်ချင်တာ ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေကြား ပြောဆိုနေပေမဲ့ မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ တစုံတရာ ပြောဆိုထားတာ မတွေ့ရသေးပါဘူး။