
ရန်ကုန်မြို့မှာ နှစ်ပတ်ဆက်တိုက်ကျဆင်းခဲ့တဲ့ စက်သုံးဆီစျေးနှုန်းတွေ ပြန်တက်လာပြီး ဒီဇယ် တလီတာဈေးက ကျပ် ၃,၀၀၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။
ပြည်တွင်းစက်သုံးဆီ အမျိုးအစားအားလုံးဟာ မေ ၉ ရက်ကစပြီး ဆက်တိုက် ကျဆင်းခဲ့ပေမဲ့ မေ ၂၃ ရက်မှာ ပြန်လည်မြင့်တက်လာပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စျေးနှုန်းအရ ရန်ကုန်မြို့မှာ ၉၂ တလီတာကို ၂,၈၇၀ ကျပ်၊ ၉၅ တလီတာကို ၂,၉၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာကို ကျပ် ၂,၄၄၀ နဲ့ ပရီမီယံဒီဇယ်တလီတာကို ၃,၀၁၅ ကျပ် ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဓာတ်ဆီ ၉၂ တလီတာကို ၂,၇၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာကို ၂,၈၀၅ ကျပ်၊ ဒီဇယ်ဆီ တလီတာ ကို ၂,၃၂၀ ကျပ် နဲ့ ပရီမီယံဒီဇယ်ဆီက ၂,၈၅၅ ကျပ် ရှိခဲ့ပါတယ်။
ဒါကြောင့် သီတင်းပတ် တပတ်အတွင်း ဓာတ်ဆီ ၉၂ နဲ့ ၉၅ အမျိုးအစားက တလီတာကို ၁၂၀ ကျပ်၊ ဒီဇယ်က တလီတာကို ၁၂၀ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်က တလီတာကို ၁၆၀ ကျပ် မြင့်တက်လာတာ ဖြစ်ပါတယ်။
စက်သုံးဆီတင်သွင်းဖို့ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းချပေးနေတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မကြာခဏ ကြေညာချက် ထုတ်လေ့ရှိပေမဲ့ ပြည်တွင်း စက်သုံးဆီဈေးတွေကတော့ တလီတာကို ကျပ် ၃,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်ပေါ်နေတာပါ။
မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေက စစ်တပ် အာဏာမသိမ်းခင်က တလီတာကို ၆၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တာဖြစ်လို့ အခုအခါ ၄ ဆ ကျော် ၅ ဆ ဝန်းကျင် ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။