
ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါနိုင်ငံ ခေါင်းဆောင်တွေဟာ လူသားချင်းစာနာမှုရဲ့ မှားယွင်းတဲ့ဘက်မှာ ရောက်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက ဂါဇာမှာ ဖြစ်ပျက်နေမှုတွေဟာ ပိုဆိုးရွားလာပြီး ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာလို့ အပစ်အခတ်ရပ်စဲရေး လိုအပ်တယ်လို့ ပြင်သစ်၊ ကနေဒါ ခေါင်းဆောင်တွေနဲ့အတူ ပြောဆိုခဲ့ပြီး ၂ ရက်အကြာမှာ နေတန်ယာဟုက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံက အင်္ဂါနေ့မှာ အစ္စရေးနဲ့ လွတ်လပ်စွာကုန်သွယ်မှုကို ရပ်တန့်ခဲ့မှု၊ သံတမန်တွေကို ဆင့်ခေါ်မှု၊ ဂါဇာမှာ စစ်ဆင်ရေးအရှိန်မြှင့်မှုကို ဆိုးရွားမှုတခုလို့ ရှုတ်ချထားကာ အနောက်ဘက်ကမ်းမှာ ရှိသူတွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာမှာ စစ်ဆင်ရေးအသစ် စတင်မယ့်အကြောင်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ကာ ၈ ရက်အတွင်း လူ ၅၀၀ ကျော် သေခဲ့တဲ့အကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ကြေညာထားပါတယ်။
အစ္စရေးဟာ မတ်လကတည်းက စတင်ကာ ဂါဇာကို ဆေးဝါး၊ အစားအသောက်နဲ့ လောင်စာတွေ တင်သွင်းမှု ပိတ်ပင်ထားပါတယ်။
နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့ဖူးပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂလာနေ့ကစတင်ကာ အထောက်အပံ့ ကားတချို့ ဂါဇာကို ဝင်ခွင့်ပေးခဲ့တာ တွေ့ရပါတယ်။
ဒီလို အကူအညီပေးမှုတွေ ပိတ်ပင်တာကို မှောင်မိုက်တဲ့အဆင့်သစ်အဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ထုတ်ဖော် ပြောဆိုထားပါတယ်။
အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကို ဗြိတိန်နိုင်ငံက နောက်ထပ် ပိတ်ဆို့မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့လည်း လမ်မီက ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးက ကာကွယ်ခွင့်ရှိကြောင်း တိုက်တွန်းခဲ့ဖူးပြီး အစ္စရေးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အာမခံတဲ့အကြောင်း ဗြိတိန်က ပြောခဲ့ဖူးပါတယ်။
Source: Reuters