
DVB
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က မေ ၂၂ ရက် ညနေ ၈ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို မုံရွာမြို့ တောင်ဘက်မုခ်ပေါက်အနီး၊ မုံရွာ-မန္တလေးသွား ကားလမ်းဘေး စစ်ဆေးရေးဂိတ်ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မုံရွာမြို့အ၀င်-အထွက် မအူရွာ စခဂိတ်ကနေ ပစ်ခတ်တာဗျ။ ကျတာက နဂါးတွင်းရွာ ဆုတောင်းပြည့်ဘုရား အရှေ့ဘက်ကျတယ်။ ပြည်သူ ယောကျ်ားတယောက်၊ မိန်းမတယောက် ထိခိုက်သေဆုံးတယ်ဗျ။ ပြည်သူ ၁၀ ယောက် ပြင်းထန်ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိတဲ့အထဲက ကလေးငယ်တွေလည်း ပါတယ်ဗျ” လို့ ပြောပါတယ်။
နဂါးတွင်းရွာဟာ မုံရွာတောင်ဘက် အမြင့်လမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ သိရပါတယ်။
မုံရွာကာကွယ်ရေးခေါင်းဆောင်တယောက်က “မနေ့ကတော့ နမခစစ်တပ်အတွင်းကရော၊ ကျောက်စစ်ပုံ အမြောက်တပ်ကရော လက်နက်ကြီးတွေနဲ့ ညနေ ၄ နာရီကတည်းက တအုန်းအုန်း ပစ်နေတာ။ ဘာတိုက်ပွဲမှမရှိဘဲ ပစ်နေတာပါ။ နဂါးတွင်းရွာကျတဲ့ လက်နက်ကြီးက ၈၁ မမ လက်နက်ကြီးပစ်ခဲ့တာ။ ပစ်တဲ့အလုံးအရေအတွက်က ၆ လုံးပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ပြန်လည်စိုးမိုးနိုင်ဖို့ လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။