
အာဆီယံဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘာဒီးယားနိုင်ငံတို့နဲ့ စစ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒရေးရာ ဒုဝန်ကြီး အယ်လ်ဘရစ်ခ်ျ ကိုလ်ဘီက ပြောပါတယ်။
ဩဂုတ်လ ဒုတိယအပတ်မှာ အရှေ့တောင်အာရှဒေသတွင်း ၄ နိုင်ငံက ကာကွယ်ရေး တာဝန်ရှိသူတွေဆီကို သံတမန်ရေးရာခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ဩဂုတ် ၁၃ ရက် အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒုဝန်ကြီး ကိုလ်ဘီဟာ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုမှာ ခေတ်သစ် အမေရိကန် ကာကွယ်ရေးမဟာဗျူဟာကို ပုံဖော်သူတယောက်ဖြစ်ပြီး စကားလုံးတွေနဲ့ တိုက်ခိုက်တာထက် စစ်ရေးစွမ်းရည်ကို တိတ်တဆိတ် အားကောင်းအောင် တည်ဆောက်ပြင်ဆင်တဲ့ ဝါဒကို လိုလားသူ ဖြစ်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ခြေလှမ်းတွေကို ဟန့်တားဖို့အတွက် အကျိုးစီးပွားရေးရာနဲ့ လက်တွေ့ကျတဲ့ ဝါဒကို အလေးပေးထောက်ခံသူ ဖြစ်ပါတယ်။
ကိုလ်ဘီက “အရှေ့တောင်အာရှဟာ အလွန်အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ စွန့်ပယ်ခံဒေသတခု အဖြစ်ကနေ ကမ္ဘာ့အရေးအကြီးဆုံး စီးပွားရေးဒေသတွေထဲက တခု ဖြစ်လာတော့မှာပါ။ အာဆီယံဟာ ကြီးထွားလာနေပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်လို နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး စီးပွားရေးနိုင်ငံတွေ ဖြစ်လာတော့မှာပါ။ ကျနော်တို့ဟာ သူ့တို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေအပေါ် အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဘက်မှာ ပြဿနာတွေ ရှိမှာပါ။ အဲဒီအချက်တွေကို ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ စီးပွားရေးဘက်မှာရော လုံခြုံရေးဘက်မှာပါ ဒီဒေသရဲ့ အရေးကြီးတဲ့ အရာအားလုံးကို ပြဿနာအခြေအနေတွေအတိုင်း ထိန်းသိမ်းထားမှာ မဟုတ်ပါဘူး။ ထရမ့်ပ်အစိုးရရဲ့ ချဉ်းကပ်ပုံက ခိုင်မာပြီး ရှင်းလင်းပေမဲ့ တိတ်ဆိတ်ပါတယ်။ မနီလာအစိုးရနဲ့ မကြုံစဘူး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဂျကာတာ၊ ဘန်ကောက်နဲ့ မိတ်ဖက်ဆက်ဆံရေး၊ မဟာဗျူဟာနဲ့ ကာကွယ်ရေးအတွက် မိတ်ဖက်ဆက်ဆံရေးတွေကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖနွမ်းပင်၊ ဟနွိုင်း၊ ကွာလာလမ်ပူမှာလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ စင်ကာပူမှာလည်း ခိုင်မာတဲ့ ဆက်ဆံရေးတခု ရှိနေပါပြီ။ ဒီပေါင်းစပ်မှုတွေဟာ ကျိုးကြောင်းဆီလျော်ရုံသာမက သူ့တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်တွေနဲ့လည်း ကိုက်ညီတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါက ကျနော်တို့ရဲ့ ယူဆချက်ပါ။ အဲဒါက ပဲ့တင်ထပ်နေတယ်လို့ ကျနော်တို့ ခံစားရပါတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၀ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒုဝန်ကြီး ကိုလ်ဘီ ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ အာရှမဟာမိတ်နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေးဘတ်ဂျက်ကို သိသိသာသာ တိုးမြှင့်အသုံးပြုဖို့ တိုက်တွန်းပြီး အမေရိကန်ရဲ့ စစ်ဘက်အင်အားကို မှီခိုနေမဲ့အစား တာဝန်ယူမှုကို မျှဝေကြဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။
ဒုဝန်ကြီး ကိုလ်ဘီရဲ့ အရှေ့တောင်အာရှ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ အာဆီယံနိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုခိုင်မာအောင် ဆောင်ရွက်ခြင်းအားဖြင့် တရုတ်ရဲ့ မဟာဗျူဟာကို ထိန်းညှိနိုင်ဖို့ အားထုတ်တဲ့သဘော သက်ရောက်နေတာပါ။
သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးကို တိုက်ရိုက်ပြောဆိုတာမျိုး မရှိခဲ့ပေမဲ့ သယံဇာတနဲ့ အကျိုးစီးပွားရေးရာမှာ တရုတ်ကို တန်ပြန်ဖို့အတွက် အမေရိကန်ဘက်က အရှေ့တောင်အာရှ ဒေသတွင်းကို ချဉ်းကပ်ပုံဟာ တော်လှန်ရေးအစုအဖွဲ့တွေအတွက် အားသာချက် ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အရှေ့တောင်အာရှကို သူတို့ အာရုံစိုက်ပြီး ကိုင်တွယ်မယ်ဆိုတာတွေ၊ အဲဒီမှာမှ သူ အသေးစိတ် ရှင်းပြသွားတာတွေ ရှိတယ်၊ မြန်မာနိုင်ငံအပေါ်မှာ တိုက်ရိုက်ဖြေဆိုခြင်း မရှိပေမဲ့လည်း အရှေ့တောင်အာရှနဲ့ပတ်သက်ပြီး ဖြေဆိုတဲ့အပေါ်ကနေ ကောက်နုတ်ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ လုပ်နေကြ ရိုးရာမူဝါဒက နေပြီးတော့ သူက လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တာမျိုး ဖြစ်တယ်။ အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ကြီးစိုးမှုတွေကို တန်ပြန်ဟန့်တားရေး ရှုထောင့်တွေကနေပြီးတော့မှ သူက တွက်ချက်ပြီး ကိုင်တွယ်မဲ့ ပေါ်လစီမျိုးဖြစ်တယ်။ ဝါဒရေးရာမှာ အပြောအဆိုတွေထက် မဟာဗျူဟာမြောက် ရလဒ်တွေကို ဦးစားပေးတယ်ပေါ့။ သူတို့တိုင်းတာမဲ့ စံနှုန်းတွေက တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်နေတဲ့ဟာကို အားနည်းသွားစေသလား ဆိုတဲ့အချက်ကို အဓိကထားပြီးတော့ သူတို့ကြည့်မှာပဲ ဖြစ်တယ်။ စစ်အုပ်စုက အိန္ဒိယသမုဒ္ဒရာကိုသွားမဲ့ တရုတ်ရဲ့ စင်္ကြံကို ဆောင်ရွက်နေတာကြောင့်မို့လို့ လက်တွေ့ဝါဒကို အခြေခံတဲ့ အမေရိကန်မူဝါဒက စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို ကူညီပံ့ပိုးဖို့ တွက်ချက်လာမဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်” လို့ သုံးသပ်ပါတယ်။
အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ Quad မဟာမိတ် ၄ နိုင်ငံ စုစည်းတဲ့ နည်းလမ်းနဲ့ အရှေ့အာရှဒေသတွင်းမှာ တရုတ်အစိုးရရဲ့ ဩဇာကြီးထွားလာတာကို ထိန်းညှိဖို့ အမေရိကန်အစိုးရက ကနဦးကတည်းက ပြင်ဆင်ခဲ့တာပါ။
အဲ့ဒါအပြင် အာရှ-ပစိဖိတ်ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့နဲ့ လုံခြုံရေးအကာအကွယ် ကွင်းဆက်တည်ဆောက်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ ၃ နိုင်ငံ ဖွဲ့စည်းထားတဲ့ AUKUS လုံခြုံရေးမဟာမိတ်အဖွဲ့မှာ ၂၀၂၅ နိုဝင်ဘာလစပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ အဆင့်လိုက် ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒီစုဖွဲ့မှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းကြောင်း အတည်ပြုထားပြီး လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သုတချမ်းသာ











