DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးနှင့် PDF ၄ ဦး သေဆုံး
DVB
·
May 21, 2025
မြိုင်မြို့နယ်၌ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးနှင့် PDF ၄ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက၊ ဗဟင်းကျေးရွာကို စစ်ကောင်စီတပ်က မတ် ၂၀ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ လေ​ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ရသလို လူနေအိမ်တွေနဲ့ မော်တော်ယာဥ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင် ပကဖ တာဝန်ခံ ဗိုလ်လကျ်ာက “တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာက ဗဟင်းရွာ စာသင်ကျောင်းနားကို ဗုံးတလုံး ကြဲသွားတယ်။ ပေါင် ၅၀၀ လောက်ဖြစ်မယ်။ စာသင်ကျောင်းနားမှာ ရှိတဲ့ ထမင်းဆိုင်တဆိုင်ပေါ်ကို တည့်တည့်ကျလို့ ဆိုင်ပိုင်ရှင် သားအမိ ၂ ယောက်နဲ့ အဲဒီဆိုင်မှာ ထမင်းစားနေတဲ့ ရဲဘော် ၄ ယောက်လည်း ကျသွားတယ်။ စုစုပေါင်း ၆ ယောက်ပေါ့။ နေရာမှာတင် ဆုံးသွားကြတာ။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ စာသင်ကျောင်းကို ဦးတည်ကြဲတာလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ ကျဆုံးသွားကြတဲ့ PDF ရဲဘော်တွေဟာ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂၊ တပ်ခွဲ ၃ (TRIPLE-R တပ်ဖွဲ့) က တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်လင်းယုန်၊ ရဲဘော်ဒေးဗစ်နဲ့ ရဲဘော်မွန်းတို့ ဖြစ်ကြပါတယ်။

မြိုင်အခြေစိုက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒဏ်ရာရသူတွေ များပါတယ်။ အရေးပေါ်ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့သူတွေကို တခြားနေရာတွေမှာ ဆေးကုပေးနေပါတယ်ဗျ။ ကားတွေ၊ အိမ်တွေလည်း ပျက်စီးပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ရဲဘော်တွေလည်း ထမင်းဝင်စားနေတဲ့အချိန် ဖြစ်တာဆိုတော့ ဖြစ်စဥ်က နည်းနည်းထူးဆန်းနေလို့ စုံစမ်းမှုတွေ လုပ်သွားမှာပါ။ ဒလန်သတင်းပေး ရှိနေတယ်လို့ ယူဆတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက် ညဦးပိုင်းကလည်း မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းက ဖျသီးကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးလို့ ဒေသခံပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့အပြားမှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လေကြောင်းရန်ကို သတိလက်လွတ် မနေကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထား ပါတယ်။

မေ ၁၂ ရက်မှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ အိုးတိန်တွင်းကျေးရွာ စာသင်ကျေင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူတွေနဲ့  ဆရာမတွေ သေဆုံးခဲ့ရပြီးတဲ့ နောက်ပိုင်း မြိုင်မြို့နယ်ထဲက စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားတယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo: We Love Myaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013