DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင်ရှိ စစ်ကောင်စီစခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦး သေဆုံး
DVB
·
May 20, 2025
မြင်းခြံခရိုင်ရှိ စစ်ကောင်စီစခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦး သေဆုံး
1 / 5
Donate to DVB

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက မြို့နယ် ၅ ခုထက်မနည်းမှာ PDF ပူးပေါင်းတပ်တွေက မေ ၁၅ ရက်ကစပြီး ၉/ အညာမြေစစ်ဆင်ရေးအဖြစ် စစကောင်စီတပ်စခန်း ၈ ခုထက်မနည်းကို တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။

မြင်းခြံမြို့က အမှတ် ၁၈ ရပ်ကွက်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ ကျောက်ပြုတ်ကျေးရွာတပ်စခန်း၊ နန်းမြင့်တောင်ကြားတပ်စခန်း၊ ဆီမီးခုံကျေးရွာ နယ်မြေရဲစခန်းတို့အပြင် နွားထိုးကြီးမြို့နယ်က ဝက်လူးကျေးရွာ နယ်မြေရဲစခန်း၊ ထန်းဇင်မြောက် ကျေးရွာအနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်တပ်ဂိတ်စခန်း၊ တောင်သာမြို့နယ်က ထနောင်းကုန်း ပျူစောထီးကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ငါန်းဇွန်မြို့ပေါ်က ထွေအုပ်ရုံးမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရကြကာ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) က ရဲဘော် ၆ ယောက်နဲ့ တခြား တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃ ယောက်ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

မြင်းခြံမြို့နယ်ထဲက ကံဆင့်ကျေးရွာကို မေ ၁၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက ပြောပါတယ်။

“မြင်းခြံအရှေ့ခြမ်းက ကံဆင့်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ အဲဒီ ကံဆင့်ရွာက အခု တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အတော်လေး လှမ်းတယ်။ တိုက်ပွဲနယ်မြေထဲမှာ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်ဗျာ။ အရပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့သလို ၄ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရထားတယ်။”

ဆီးမီးခုံဘက်မှာတော့ မေ ၁၅ ရက်က စတင်တိုက်ပွဲဖြစ်ပွားနေတာကြောင့် မေ ၁၉ ရက် နေ့ခင်းပိုင်းအထိ ဒေသခံတွေ မြို့ထဲပြန်ဝင်မရဖြစ်နေပြီး စစ်တပ်က နေအိမ်တွေကို ဖောက်ထွင်း လုယက်၊ ရှာဖွေ စစ်ဆေးနေတယ်လို့ မြင်းခြံခရိုင် သတင်းရင်းမြစ်ကပြောပါတယ်။ 

“ဆီးမီးခုံဘက်ကတော့ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ရှောင်ရတာတွေရှိတယ်။ စစ်ရှောင်နေတဲ့သူတွေကိုတော့ ခုထိ အဝင်ခံတာမျိုးမရှိသေးဘူး။ ဆီမီးခုံမြို့ထဲကို ဝင်မယ်ဆိုရင်တော့ သေနတ်နဲ့လှမ်းပစ်တာတွေ ဘာတွေလုပ်တဲ့အတွက် စစ်ရှောင်တွေ အခုချိန်ထိ စစ်ရှောင်နေရတုန်းပဲ။”

တောင်သာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာဘက်မှာတော့ ဒီကနေ့အထိတိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။ 

“တိုက်ပွဲတွေက ကြမ်းတယ်။ သူတို့ဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကလည်း တောက်လျှောက်ပဲ။ နှစ်ဖက် အကျအဆုံးတွေလည်း ရှိတယ်။ မြေပြင်တိုက်ပွဲအခြေအနေတွေက တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးတော့ တချို့နေရာတွေမှာတော့ စစ်ရေးအခြေအနေတွေက တင်းမာနေတယ် ပြောရမယ်။ တိုက်ပွဲတွေပြီးရင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ တိုက်ပွဲတွေထဲမှာ သူတို့ဘက်ကတော့ ပိုပြီးအထိနာတာပေါ့။ အဲဒါကြောင့်မို့လည်း လေကြောင်း ပစ်ကူ တောက်လျှောက်လွှတ်နေတာ။ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ ပတ်ဝန်းကျင်က ပြည်သူတွေကတော့ လွတ်တဲ့နေရာတွေမှာ စစ်ရှောင်နေကြတယ်။ စစ်ဘေးရှောင်အရေအတွက် ကတော့ ထောင်ချီမှာပေါ့ဗျ။”

တောင်သာမြို့နယ်ထဲက စာသင်ကျောင်းအနီးကိုလည်း မေ ၁၈ ရက် မနက် ၅ နာရီဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲလို့ စာသင်ဆောင်နဲ့ လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးကာ ခိုင်းနွားတချို့လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “စစ်တပ်ရဲ့ ပြည်သူအပေါ် ယုတ်မာရက်စက်မှုတွေက ​အထူးပြောပြစရာ မလိုတော့ပါဘူး။ အခုလထဲမှာတင် တောင်သာနယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲနေတာတွေ ဆက်တိုက်လုပ်နေပြီးတော့ ပြည်သူကို သတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖက်ဆစ်စစ်တပ်က ဖျက်ဆီးနေတာ ဖြစ်တယ်။ အခုလည်း လှည်းကူးမရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ စာသင်ကျောင်းမှာလည်း PDF တွေ တပ်စွဲနေတာ မရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ သက်သက်မဲ့ ဗုံးကြဲသွားတာပါဗျာ” လို့ ပြောပါတယ်။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်နဲ့ ဆီမီးခုံမြို့နယ်တွေအတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

စိုးသူအောင် / CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013