
အီဂျစ်နိုင်ငံက ငှက်လေ့ကျင့်ပေးသူ အက်ဘ်ဒဲလ် ရာမန် အစ္စမေးလ်ဟာ ဘွန့်ခ် လို့ နာမည်ပေးထားတဲ့ ခိုဖြူကလေးတကောင်ကို သူနဲ့ ထက်ကြပ်မကွာ လိုက်ပါပျံသန်းနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။
ကိုင်ရိုမြို့ လမ်းမတွေပေါ်မှာ အစ္စမေးလ်တယောက် ဆိုင်ကယ်စီးတဲ့အခါ ခိုကလေးက သူ့နံဘေးကနေ အတူ လိုက်ပျံသန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အစ္စမေးလ်ဟာ ကျွမ်းဘားနည်းပြအဖြစ်ပါ အသက်မွေးသူ ဖြစ်ပါတယ်။
ခိုတွေကို အလွတ်ပျံသန်းမှု နည်းစနစ်တွေ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သင်ကြားပေးခဲ့တာဖြစ်ပြီး သူနဲ့ ငှက်ကလေးတွေကြားမှာ ယုံကြည်မှုနဲ့ ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ထိန်းချုပ်ထားတာ၊ ချည်နှောင်ထားတာ မရှိဘဲ သခင်နဲ့အတူရှိအောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
အဲဒီအထဲကမှ လွန်ခဲ့တဲ့တနှစ်ခွဲ မွေးကတည်းက အတူရှိနေခဲ့တဲ့ ဘွန့်ခ် ဆိုတဲ့ ခိုဖြူကလေးကတော့ အထူးခြားဆုံးဖြစ်နေတာပါ။
အစောပိုင်းမှာ လူသံ၊ ကားသံတွေကို ကြောက်လန့်တာကြောင့် လူရှင်းတဲ့လမ်းတွေမှာ အရင်ဆုံး လေ့ကျင့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကျင့်သားရလာတဲ့အခါမှာတော့ ခေါ်လိုက်တာနဲ့ လာသလို ပခုံးပေါ် နားတတ်တဲ့အပြင် သွားလေရာ ထက်ကြပ်မကွာ ပျံသန်းလိုက်ပါလာနိုင်ပြီလို့ ဆိုပါတယ်။
ဒီလို Tumbler ခိုမျိုးစိတ်မှာ အခုလို သခင်နောက် ပျံသန်းလိုက်ပါနိုင်တာဟာ ပုံမှန်မဟုတ်တဲ့ ထူးခြားမှုမျိုး ဖြစ်ပါတယ်။
Source: Reuters