
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်ပေးဖို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ မိသားစုဝင်ဆုံးရှုံးခဲ့ရသူတွေက တိုက်တွန်း လိုက်ပါတယ်။
မေ ၁၂ ရက်က စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုးတိန်တွင်းရွာက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေနဲ့ ဆရာမတွေ အပါအဝင် ပြည်သူ ၂၄ ယောက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တာပါ။
အစားထိုးမရတဲ့ ဆုံးရှုံးမှုကို မိဘတွေကြုံတွေ့ခဲ့ရပြီး စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်နေပြီလို့ ကွယ်လွန်သူတွေရဲ့ မိသားစုအသိုက်အဝန်းက ပြောပါတယ်။
ကွယ်လွန်သူ ကျောင်းဆရာမတယောက်ရဲ့ဖခင်က “သမီးရဲ့ ဆုံးရှုံးမှုက အစားထိုးမရတဲ့၊ မမေ့တော့ပါဘူး၊ ဝိဉာဉ်ချုပ်သည်အထိ မမေ့နိုင်တော့ပါဘူး။ ဒါကိုပဲ မနည်းကြိုးစားပြီးတော့ ဖြေဖျောက် ယူရမှာပါ။ မေ့လို့လည်းမရပါဘူး၊ အချုပ်ပဲ ဒီလောက်ပဲပြောချင်ပါတယ်။ အချိန်တိုင်းမ မေ့နိုင်ပါဘူး။ အိပ်မရတာက ယနေ့ထက်ထိပါပဲ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့အရာပေါ့။ ဒီအကြမ်းဖက်လုပ်ငန်းတွေကို ယနေ့ကစပြီးတော့ ရပ်တန့်ကြပါ။ ညင်သာသောနည်းနဲ့ပဲ ဖြေရှင်းပေးကြပါ။ ပြည်သူပြည်သားတွေကတော့ဖြင့် ဒုက္ခတွေ ပင်လယ်ဝေနေကြပါပြီလို့ပဲပြောချင်ပါတယ်။ ပြောပြလို့မဆုံးနိုင်လောက်အောင် ဒုက္ခတွေ ခံစားနေရပါတယ်ခင်ဗျ။ လူသားမျိုးနွယ်တရပ်လုံးဟာ အကုန်လုံး အခွင့်အရေးတွေ ဆိတ်သုန်းနေပါပြီခင်ဗျာ”လို့ ပြောပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသတွေမှာ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလေတပ်၊ လေယာဉ်မောင်းသူတွေအနေနဲ့ ဒီဖြစ်စဉ်တွေအတွက် အပြည့်အဝတာဝန်ယူဖို့လိုအပ်နေတာပါ။
အစ်ကိုဖြစ်သူ ဆုံးရှုံးခဲ့တဲ့ကျောင်းသားတယောက်က “ကျောင်းသစ်အဆောင်တွေမှာ ကလေးတွေ သွားရှာတယ်။ အဲ့ဒီမှာကျောင်းသူတယောက် ကျမ မသေသေးဘူးဆို ပြီးပြောနေတာ အပေါ်က သစ်သားပြားကကျပြီး ခေါင်းပေါ်ကျပြီး အဲ့နားမှာပဲ ပွဲချင်းပြီးတာလည်း ရှိတယ်။ ဒီအတိုင်းကလေးတွေဘာညာ လက်ပြတ်တာတွေလည်းရှိတာပေါ့ဗျာ။ ဘယ်လိုပြော ရမလဲ ကျနော့်အစ်ကိုလည်း သေဆုံးတာဆိုတော့ ဘယ်လိုမှမကျေနပ်ဘူးပေါ့ဗျာ။ ကျနော်တို့လည်း မခံစားနိုင်ဘူးပေ့ါဗျာ၊ ကျနော့် သူငယ်ချင်းတွေ အဲ့ဒီလိုကျဆုံးသွားတယ်ဆိုတော့ မကျေနပ်ဘူးပေါ့ ဗျာ၊ ကျနော်တို့ကြီးလာရင် တိုက်ခွင့်ရရင် တိုက်မယ်ဆိုတဲ့သဘောပေ့ါဗျာ”လို့ ပြောပါတယ်။
အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဆေးဝါးကုသမှု ပေးရာမှာ ဆရာဝန်နဲ့ ဆေးဝါးလိုအပ်ချက်ကြီးမားခဲ့ပါတယ်။
အသက်မသေဘဲ ဒဏ်ရာရှိသူ ၁၀၂ ယောက် ရှိပြီး အဲဒီထဲမှာ ခြေလက်အင်္ဂါ ဖြတ်တောက်ပစ်လိုက်ရသူတွေလည်းပါဝင်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ခွဲစိတ်ကုသဖို့အတွက် ဆေးရုံဆေးခန်း ကောင်းကောင်း မရှိတာ၊ ဆရာဝန် မလုံလောက်တာနဲ့ ဆေးဝါးမရှိတာတွေကို ဒေသခံပြည်သူတွေကြုံတွေ့ခဲ့ရပါတယ်။
သုတချမ်းသာ