
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင်လေ့ကျင့်ရေးတပ် အမှတ် ၆ ရဲ့ တပ်ရင်းမှူးကို လာဘ်စားမှု အပါအဝင် အမှု ၃ ခုထက်မနည်းနဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တပ်ရင်းမှူးကို စစ်မှုထမ်းတပ်သား အရောင်းအဝယ်ကိစ္စ၊ စစ်မှုထမ်းအစားထိုးငွေတောင်းခံမှုနဲ့ တပ်သားတွေ ထွက်ပြေးနေတဲ့ကိစ္စ စတာတွေနဲ့ အောက်တိုဘာ၁၆ ရက်အထိ ဖမ်းဆီး စစ်ဆေး နေတယ်လို့ သိရပါတယ်။
တပ်နဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ကိစ္စတွေအပြင် စစ်အသုံးစရိတ်ကိစ္စတွေနဲ့ စစ်ဆေးနေတာလို့ သိရတယ်” လို့ ပြောပါတယ်။
လာဘ်စားမှုနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် သူ့ရဲ့ မိသားစုဝင်တချို့နဲ့ ဆက်စပ်နေတဲ့ တပ်အရာရှိတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း “စစ်ဆေးခံနေရတာတော့ ဟုတ်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်ရင်းမှူးတွေပေါင်းပြီး လာဘ်ငွေယူကာ စစ်မှုထမ်း အစားထိုးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိကစစ်ဆေးနေတာလို့ သိရတယ်” လို့ ပြောပါတယ်။
အမှတ် ၆ တပ်ရင်းမှူးနဲ့ ပုသိမ်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီး စစ်မှုထမ်း အပတ်စဉ် ၁၁၊ ၁၅၊ ၁၆ နဲ့ ၁၇ တို့မှာ အရပ်သားတွေကို ဖမ်းဆီးပြီး တခြားဒေသတွေကို ပို့ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။











