
စပိန်နိုင်ငံ ကာနာရီကျွန်းစုတွေမှာ အစုလိုက်အပြုံလိုက် ခရီးသွားလုပ်ငန်းကို ဒေသခံပြည်သူ ထောင်ပေါင်းများစွာက ဆန့်ကျင်ကန့်ကွက်ရင်း ဆန္ဒပြခဲ့ကြပါတယ်။
အိမ်စရိတ်မြင့်တက်တာ၊ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ဝန်ဆောင်မှုကဏ္ဍ ဝန်ပိခြင်းတို့ကနေ ဒေသခံပြည်သူတွေကို ကာကွယ်ရေးအတွက် ဧည့်သည်အရေအတွက်ကို ကန့်သတ်ဖို့ အာဏာပိုင်တွေကို မေ ၁၈ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ကာနာရီမှာ အကန့်အသတ်ရှိတယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်အောက်မှာ ချီတက်ဆန္ဒပြသူတွေဟာ ကျွန်းစုရဲ့ အဓိကကျွန်းတွေ အားလုံးနဲ့ စပိန်ပြည်မကြီးက မြို့အများအပြားမှာပါ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
တချို့က ခရီးသွားလုပ်ငန်းရဲ့ ရေပေးဝေမှုအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
ကာနာရီကျွန်းစုတွေအတွက် Greenpeace အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး မာတာ ဖလောရက်စ်က “ကျနော်တို့က ခရီးသွားလုပ်ငန်းကို မဆန့်ကျင်ပါဘူး။ ခရီးသွားလုပ်ငန်းဟာ ဝင်ငွေရင်းမြစ်ဖြစ်ပြီး ကာနာရီကျွန်းတွေရဲ့ စီးပွားရေးရဲ့ အုတ်မြစ်ပဲ။ ဒါပေမဲ့ ကျွန်းစုမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝ သယံဇာတတွေက အလွန်ရှားပါးလာတဲ့အခါ လက်ရှိပုံစံက အာဏာရှင်ဆန်ပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒေသခံလူဦးရေ ၂ ဒသမ ၂ သန်းနဲ့ နှိုင်းယှဉ်ရင် လစဉ် နိုင်ငံခြားခရီးသည် တသန်းကျော် ကာနာရီကျွန်းတွေဆီ လာရောက်လည်ပတ်နေကြတယ်လို့ တရားဝင်အချက်အလက်တွေက ပြထားပါတယ်။
ကာနာရီကျွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာ ဆွာရက်ဇ်က “ဒီလို လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တွေရှေ့မှာ နိုင်ငံသားတွေဟာ ဒေါသမထွက်ဘဲ ဒီပတ်ဝန်းကျင်နဲ့ လူမှုရေး ပြိုကျမှုတွေမှာ သူတို့ရဲ့ဒေါသတွေကို ထုတ်ဖော်ပြောဆိုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ စံချိန်တင် ဝင်ရောက်ခဲ့တဲ့ စပိန်နိုင်ငံဟာ အခုနှစ်မှာ ခရီးသည်တွေ ပိုလာလည်ဖို့ မျှော်လင့်ထားပါတယ်။
မယ်လော်ကာ၊ ဘာစီလိုနာနဲ့ မာလာဂါမြို့တွေ အပါအဝင် တခြားနာမည်ကြီး အားလပ်ရက် အပန်းဖြေစရာ နေရာတွေမှာ ခရီးသည်တွေ အလွန်အကျွံ သွားလာမှုကို ဆန့်ကျင်ကန့်ကွက်မှု အများအပြား ကြုံတွေ့ခဲ့ရပါတယ်။
မနှစ်ကလည်း ကာနာရီကျွန်းတွေပေါ်မှာ အလားတူ ဆန္ဒပြခဲ့ကြပါတယ်။ ကာနာရီကျွန်းက တာဝန်ရှိသူတွေဟာ ဒေသတွင်း အစွန်ဆုံးနယ်မြေတွေမှာ တတ်နိုင်တဲ့ အိမ်ရာတွေ တည်ဆောက်နိုင်ရေးအတွက် ဥရောပသမဂ္ဂဆီကနေ ရန်ပုံငွေတွေရရေး ကြိုးစားဖို့ ဘရပ်ဆဲလ်မြို့ဆီ အခုသီတင်းပတ်အတွင်း သွားရောက်ခဲ့ပါတယ်။
Source: Reuters