
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စကားများရန်ဖြစ်လို့ မိန်းမဖြစ်သူအား ဓားနဲ့ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးရမိထားပြီလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဆီက သိရပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတယောက်က “စကားများရင်းက သတ်တာ။ တရားခံကို တောထဲမှာ ဖမ်းမိတာ။ သတ်ဖြတ်မှုဖြစ်ပြီး ၄ နာရီအတွင်း တရားခံကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ကျနော်တို့လည်း သူ ဘယ်နားတွေသွားတတ်လည်း မိသားစုကိုမေးပြီး ဖမ်းတာ” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၈ နှစ်အရွယ် ရှိပြီး လက်မောင်းပြတ်ထွက်ဒဏ်ရာ၊ လက်ဆစ်ပြတ်ထွက်ဒဏ်ရာ၊ နောက်စေ့ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပြီး မိသာစုဝင်တွေနဲ့ ဒေသခံတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားပေမဲ့ ဖမ်းမပေးလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဆီ တိုင်ကြားလာတာလို့ သိရပါတယ်။
အဲဒီတရားခံကို ပဲခူးရိုးမထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ လှုပ်ရှားနယ်မြေတွေမှာတော့ အဲဒီလို လူသတ်မှုတွေကို ရဲတိုင်ကြားပေမဲ့ ဖမ်းဆီးအရေးမယူတာတွေရှိနေလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က လွတ်မြောက်နေတဲ့ တရားခံတွေကို ဖမ်းဆီးသွားမယ်လို့လည်း ဆိုပါတယ်။