DVB Logo
Home
မြန်မာသတင်း
မုတ်သုံအဝင်စောသဖြင့် ငလျင်ဒဏ်သင့် မန္တလေး ဒေသခံများ ရေကြီးမည်ကို စိုးရိမ်
DVB
·
May 19, 2025
မုတ်သုံအဝင်စောသဖြင့် ငလျင်ဒဏ်သင့် မန္တလေး ဒေသခံများ ရေကြီးမည်ကို စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံကို မုတ်သုံအဝင်စောပြီး မိုးရာသီ စတင်နေပြီဖြစ်တဲ့အတွက် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေးက ပြည်သူတွေဟာ မိုးကြီးပြီး ရေကြီးရေလျှံမှု ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

မေ ၁၃ ရက်က စပြီး မုတ်သုံဝင်ပြီလို့ မိုးလေဝသပညာရှင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဆိုရင်လည်း ၁၈ ရက်နေ့ ညနေကစပြီး မေ ၂၀ ရက်နေ့အတွင်း မိုးကြီးနိုင်တယ်လို့ ကြေညာထားပါတယ်။

မေ ၁၅ ရက်နေ့တုန်းကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မိုးဆက်တိုက်ရွာပြီး ရပ်ကွက်တချို့က လမ်းတွေထဲ ရေကြီးရေလျှံဖြစ်ခဲ့ပြီး အုတ်တံတိုင်းပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် အခုလို မိုးကြီးမယ့် သတင်းတွေကြောင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ များခဲ့တဲ့ မန္တလေးဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။

မန္တလေးဒေသခံ ပရဟိတလူငယ်တယောက်က “ငလျင်ထိထားတဲ့ တိုက်တွေ၊ နောက် မပြိုသေးတဲ့ တိုက်တွေ၊ နောက်ပြီးတော့ တန်းလန်းကြီးတွေ ဖြစ်နေတဲ့ မဖြိုရသေးတဲ့ တိုက်တွေမှာတော့ အဓိကကတော့ ငလျင်ဒဏ်ကြောင့် ဖြစ်ထားတဲ့ဟာတွေကတော့ အန္တရာယ်အများကြီး ရှိတယ်။ တချို့ဆိုရင်လည်း မိုးရွာမှ ပြိုသွားတဲ့ တိုက်တွေတောင် ရှိသေးတယ်။ ကျနော်တို့ နောက်ပြီးတော့ မပြိုသေးတဲ့ တိုက်တွေမှာကလည်း အောက်က မြေအနေအထား ပြောင်းသွားတာတို့၊ တချို့သော အနေအထားတွေမှာလည်း တချို့ အက်ကြောင်းလိုက်နေတဲ့ အရာတွေတို့၊ ဒါတွေကလည်း ကျနော်တို့ မိုးဒဏ်နဲ့ထိသွားတဲ့ဟာမျိုးမှာဆိုလည်း အများကြီး ကြုံလာရနိုင်တယ်၊ ပြိုသွားနိုင်တယ်။ ဒါ မုတ်သုံစောတယ်လို့ ပြောလို့ရတယ်။ ဒီအနေအထားမှာတောင် သိပ်ပြီး အန္တရာယ်များနေတယ် ဆိုရင် ကျနော်တို့ ၆ လပိုင်း၊ ၇ လပိုင်းလိုမျိုး အချိန်တွေမှာ အများကြီး အန္တရာယ်ရှိသေးတယ်။ နောက်တခုကကျတော့ ကျနော်တို့ မန္တလေးမှာကျတော့ အဓိကက ငလျင်မပြတ်သေးဘူးဆိုတော့ အများကြီး အန္တရာယ်ရှိနိုင်တယ်။ အရင်ကတော့ ငလျင်တခုတည်းကိုပဲ စိုးရိမ်ရတာဖြစ်ပေမဲ့ အခုကာလမှာကျတော့ မိုးရော၊ ငလျင်ရောက တပြိုင်နက်တည်း နေ့တိုင်းလိုလို စိပ်လာတဲ့အတွက်က အများကြီး အန္တရာယ်ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

မန္တလေး၊ အမရပူရ၊ ပုသိမ်ကြီး၊ အင်းဝ၊ စစ်ကိုင်းတွေမှာ လက်ရှိအချိန်ထိ ငလျင်ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေကြရတဲ့သူတချို့ ရှိနေဆဲဖြစ်ပြီး အလှူရှင်တွေကို အားကိုးပြီး နေထိုင်နေကြရဆဲ အခြေအနေတွေမှာပဲ ရှိနေပါသေးတယ်။

မိုးကြီးလို့ ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်ပေမဲ့လည်း ကြိုတင်ပြင်ဆင်တာမျိုးတွေ မလုပ်နိုင်ဘူးလို့ အမရပူရ ဒေသခံတယောက်က ပြောပါတယ်။

“အဲဒီလိုပြင်ဆင်တာမျိုးတော့ မရှိပါဘူး အမရယ်၊ ဖြစ်မှ ရင်ဆိုင်ရုံကြ ဒီလိုပါပဲ၊ အားလုံးက အခုချိန်မှာ တရက်လုပ်၊ တရက်စားနေကြ ဆိုတော့ အဲလောက်ကြီးလည်း ဘယ်သူမှမဖြစ်ဘူး၊ ကျနော်တို့ဘက်တွေလည်း အတူတူပဲ၊ ဘယ်လိုပြောရမလဲ ဆေးရုံဘက်တွေကတော့ အဲဒီဒုက္ခတော့ ရောက်ကြတာပေါ့။ ယာယီ မိုးကာတဲတွေနဲ့ နေနေကြတာ ဆိုတော့။”

မုတ်သုံအဝင်စောတဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာတာက စောနိုင်တဲ့အတွက် ပရဟိတ လုပ်ဆောင်သူတွေအနေနဲ့ ငလျင်ဒဏ်အပြင်ကို ရေဘေးပါ အသင့်ပြင်ဖို့ စဉ်းစားနေကြရတယ်လို့လည်း မန္တလေးဒေသခံ ပရဟိတ လူငယ်တယောက်က ပြောပါတယ်။

“အင်းဝနဲ့ အမရပူရဆိုရင် ဧရာဝတီမြစ်ကမ်းရဲ့ ဘေးတလျှောက်မှာ ရှိတာ ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒီနေရာတွေက မိုးရာသီဆိုရင် ရေတွေ တအားတက်တဲ့ နေရာတွေ။ ရေတက်ပြီးတော့ ကျနော်တို့ ရပ်ကွက်တွေ၊ ရွာတွေ၊ ရေဖုံးသွားတဲ့ဟာတွေကလည်း ရှိပြီးသား။ ကျနော်တို့ ဒီနှစ်မှာ အများကြီး စောင့်ကြည့်ရမှာတွေ ရှိတယ်။ ပြီးတော့ မုတ်သုံစောတာဖြစ်တဲ့အတွက် ရေကြီးနိုင်တယ် ဆိုရင်လည်း ရေကြီးတဲ့ဟာက စောနိုင်တာပေါ့။ ကျနော်တို့ စောနကပြောတဲ့ မြစ်နားနီး ချောင်းနားနီးတဲ့ လူတွေကို ဆိုရင်လည်း ကျနော်တို့ ဘယ်လိုမျိုး အပေါ်ကို ဆွဲခေါ်နိုင်မလဲပေါ့နော်၊ ဒါမျိုးတွေကို အစိုးရအနေနဲ့လည်း ဒါ လုပ်သင့်နေပြီပေါ့နော်။ ကျနော်တို့ ပရဟိတအဖွဲ့တွေ အနေနဲ့ကလည်း ဒီအခြေအနေကို ကြိုကြည့်ထားရတာမျိုး ဖြစ်နေပြီ။ ငလျင်အပြင်ကို လာနိုင်တဲ့ဟာက ရေဘေး၊ မန္တလေးမှ မဟုတ်ဘူး လာနိုင်သေးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မုတ်သုံ အရမ်းစောတဲ့အတွက် ရေကြီးနိုင်တယ်၊ ရေလမ်းကြောင်း ပြောင်းထားတာ ဖြစ်တဲ့အတွက် မထင်မှတ်ထားတဲ့ ရွာတွေ၊ နေရာတွေ တော်တော်များများမှာ ရေကြီးသွားနိုင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီဟာတွေကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုနေပြီလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

မိုးလေဝသပညာရှင် ဦးဝင်းနိုင် ကတော့ အနောက်တောင်မုတ်သုံလေဟာ မြစ်ဝကျွန်းပေါ်ဒေသတွေ အထိ ဝင်ရောက်ပြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသ အားလုံးမှာတော့ မေ ၂၃ ရက်နောက်ပိုင်းမှာ မိုးအသင့်တင့်ကနေ မိုးများလာနိုင်မယ်လို့ မေ ၁၈ ရက်က ခန့်မှန်း အသိပေးထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013