DVB Logo
Home
မြန်မာသတင်း
မုံရွာ၊ ရှားပင်ကျွန်းရွာကို စစ်တပ်ဗုံးကြဲသဖြင့် သီလရှင် ၁ ပါးနှင့် အဘွားအို ၁ ဦး ဒဏ်ရာရ
DVB
·
May 16, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာနယ်‌တောင်ခြမ်းမှာရှိတဲ့ ရှားပင်ကျွန်းရွာကို  မေ ၁၅ ရက် ည ၁၂ နာရီလောက် မှာ စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ သီလရှင်တပါးနဲ့ ပြည်သူတယောက် ဒဏ်ရာ ရရှိခဲ့ရပြီး သာသနိကအဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

တံတာဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာလို့ လေကြောင်း စောင့်ကြည့်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “သူတို့လာကြဲချတဲ့အချိန်က မိုးကလည်း သည်းကြီးမဲကြီး ရွာနေတာ။ ပုံးရှောင်ချိန်တောင် မရလိုက်ဘူး။ လာကြဲချတာရွာနဲ့ လွဲသွားလို့ ရွာကလူတွေ အသေအပျောက် မရှိခဲ့တာ။ ကြဲတာက ၃ လုံး ကြဲတာ။ အဲဒီ ၃ လုံးမှာ ၂ လုံးပေါက်ကွဲပြီး တလုံးကတော့ မပေါက်ကွဲသေးဘူးလေ။ ဘာလို့ အခုလိုလာကြဲချတာလဲမသိဘူး။ ကျ‌နော် တို့ရွာမှာတော့ ဘာတိုက်ပွဲမှ မရှိသလို၊ ဘာလက်နက်ကိုင်အဖွဲ့မှမရှိဘူး” လို့ ပြောပါတယ်။

ရှားပင်ကျွန်းရွာဟာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိ ခဲ့ရာကနေ မြစ်ကမ်းနံရံတိုက်စားတာကြောင့် အကြိမ်ကြိမ် ပြောင်းရွှေ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

ချောင်းဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အဲရွာက နယ်မြေ စာရင်းအရ မုံရွာမြို့နယ်ဘက်မှာပါတာ။ ဒါ‌ပေမဲ့ အခုကျတာ့ ချောင်းဦးမြို့နယ်ဘက် ရွာတည်ပြီး နေကြတာ။ ရွာသား‌တွေက ရိုးသားကြတယ်။ မိရိုးဖလာ‌တောင်သူလုပ်ငန်း လုပ်ကိုင်ကြတာ။ သာမာန် အရပ်သား တွေပေါ့။ အခုဟာက သတင်းပေးက လူမှုရေးမုန်းတီးမှုအရလားတော့ မသိဘူး။ သတင်းအမှား‌ပေးပြီး စစ်တပ်ကိုဗုံးကြဲချခိုင်းတာ။ လူအထိအခိုက်က အသက် ၅၀ ကျော်နဲ့ ၆၀ အရွယ်ခန့် မယ်သီလရှင်တပါးနဲ့ အမယ်အိုတယောက် ထိခိုက်ဒဏ်ရာရတယ်။ မယ်သီလရှင်က နဖူးကို ကျည်စထိမှန်သလို နောက်အဖွားအိုက လက်ထိမှန်တာ” လို့ ပြောပါတယ်။

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်သွားတာကြောင့် လူနေအိမ် ၁၀ လုံး ကျော်၊ ဘုန်း‌တော်ကြီးကျောင်းအတွင်းက သိမ်အဆောက်အအုံတချို့နဲ့ အုတ်တံတိုင်းတွေလည်း ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013