DVB Logo
Home
မြန်မာသတင်း
အရွယ်မရောက်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် တပ်မတော်သားတဦးကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်
DVB
·
November 12, 2014
အရွယ်မရောက်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် တပ်မတော်သားတဦးကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်စီရင်လိုက်ပါတယ်။

[caption id="attachment_70567" align="alignright" width="300"]အမျိုးသမိးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ အမျိုးသမီးတွေပေါ် အစိုးရစစ်တပ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်မှုပေါင်း ၁၀၀ ကျော် အစီရင်ခံစာ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ အမျိုးသမီးတွေပေါ် အစိုးရစစ်တပ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်မှုပေါင်း ၁၀၀ ကျော် အစီရင်ခံစာ[/caption]

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သား ကောင်းဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့် တယ်လို့ တရားလိုတွေဘက်က တရားစွဲထားတဲ့အမှုကို နှစ်လနီးပါး စစ်ဆေးပြီးနောက် စီရင်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တရားခံဟာ ပုဒ်မ ၃၇၆ သားမယားပြုကျင့်တဲ့ မုဒိမ်းမှုနဲ့ ၃၆၃ အရွယ်မရောက်သေးသူကို မိဘအုပ်ထိန်းသူအောက်က ခိုးယူမှု နှစ်ခုစလုံးကို ကျူးလွန်တယ်လို့ တရားရုံးကဆုံးဖြတ်ပြီး ပြစ်ဒဏ်စီရင်ခဲ့တာလို့ တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဟုတ်ကဲ့ရှင့် ဒီကနေ့ အမိန့်ချလိုက်ပါပြီ။ ပုဒ်မ ၃၇၆ နဲ့ကတော့ သူ့ကို ၁၀ နှစ် အပြစ်ပေးတာ ပေါ့နော်။ ပုဒ်မ ၃၆၃ နဲ့ကတော့ ၃ နှစ်ပေါ့။ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးထားပါတယ်။ မူဆယ်ခရိုင် ဒု ခရိုင်တရားရုံးမှာပေါ့နော်” လို့ ပြောပါတယ်။
ဒီခြေလျင်တပ်ရင်း ၅၆၇ ဟာ ဒီနှစ်လေးလပိုင်း ရှစ်ရက်နေ့က ရွာကို ရောက်ရှိလာပြီး မေလ ၁၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာလို့ ကျူးလွန်ခံရသူ ကလေး မိဘတွေက ပြောပါတယ်။

အခင်းဖြစ်ပြီးရက်ပိုင်းအတွင်း တပ်သားကောင်းဘိုဘိုက မိန်းကလေးငယ် ဈေးကအပြန်မှာ ခြုံထဲအတင်းဆွဲသွင်းပြီး အဓမ္မပြုကျင့်တာလို့ ကွတ်ခိုင်ရဲစခန်းမှာ အမှုဖွင့်ပေမယ့် စစ်သားဖြစ်တဲ့ အတွက် စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပါတယ်။ စစ်ခုံရုံးက ခွင့်မတောင်းပဲ အပြင်ကို ခိုးထွက်တဲ့အတွက် စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီရင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုတွေရဲ့ တောင်ဆိုချက်အရ အရပ်ဘက် တရားရုံးကို ပြန်လွှဲပေးတဲ့အမှု ဖြစ်ပြီး မူဆယ်ခရိုင်တရားရုံးမှာ စက်တင်ဘာ ၁၉ ရက်နေ့က စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒီစီရင်ချက်နှစ်ခုကြောင့် တပ်သားကောင်းဘိုဘိုအဖို့ ထောင်ဒဏ် ၁၄ နှစ်ကျ ကျခံရမှာဖြစ်ပါတယ်။

တရားလို မိန်းကလေးဟာ နဂိုကတည်းက ဉာဏ်ရည်နိမ့်ကျမှု အနည်းငယ်ရှိပြီး ကျောင်းမနေကြောင်းနဲ့ အခုအအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ ထိတ်လန့်ငေးငိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘအုပ်ထိန်းသူနဲ့ ကချင်အဖွဲ့အစည်းကတော့ တရားခံကို ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့အပြင် နစ်နာသူ မိန်းကလေးရဲ့ ရှေ့ရေးကိစ္စတွေပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။

ဒီတပ်သားကို အရပ်ဘက်တရားရုံးက ပြစ်ဒဏ်စီရင်တာနဲ့ပတ်သက်လို့ တရားလို ဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် ကချင်စာပေယဉ်ကျေးမှုအဖွဲ့က ဒေါ်လုမ်းညွယ်က နောက်နောင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို နည်းပါးသွားစေမယ်လို့ ယုံကြည်နေပါတယ်။

“ကျမတို့ အနေနဲ့ကတော့လေ ဘယ်လိုပြောမလဲ။ အရမ်းကြီး နစ်နာပါစေဆိုတဲ့ စိတ်ဆန္ဒမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ကျမတို့အမျိုးသမီးထုအနေနဲ့ကတော့ ဒီလိုမျိုးထိရောက်စွာ ပြစ်ဒဏ်ချမှတ်ပေးတယ်ဆိုရင်တော့ အချို့သော ကြံစည်ချင်တဲ့အမျိုးသားတွေများ ရှိလို့ရှိရင် ဆင်ခြင်သွားနိုင်အောင်လို့ပေါ့နော်။ အဲဒီတခုကိုပဲ အဓိကထားပါတယ်။ နစ်နာကြေးကို ဘယ်လို ရအောင်ဆောင်ရွက်ရမယ်တော့ မသိပါဘူး။ ကျမစီစဉ်ထားတာလေးကတော့ စာနာသိတတ်သူ တွေ ဆီမှာ မိသားစုအတွက် စီစဉ်ပေးဖို့တော့ စဉ်းစားထားပါတယ်။” လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဥပဒေမှာ တပ်မတော်သားကျူးလွန်တဲ့ ပြစ်မှုတွေကို စစ်ခုံရုံးကနေသာ ဆောင်ရွက်လေ့ရှိပြီး အရပ်ဘက်တရားရုံးကို လွှဲပြောင်းပေးလေ့မရှိပါဘူး။ အခု ဒီအမှုမှာ အရပ်ဘက် တရားရုံးကို ရောက်ရှိဆုံဖြတ်နိုင်တာဟာ တပ်မတော်က တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ခွင့်ပြုချက်ရတာဖြစ်တယ်လို့ ဒေါ်လုံးညွယ်က ရှင်းပြပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အစကတည်းက ကျမတို့ သိန္နီဗျူဟာမှူး၊ ကွတ်ခိုင်ဗျူဟာမှူးတွေနဲ့ တွေ့တဲ့အခါမှာ ဗျူဟာမှူးတွေကလည်း ပြောပါတယ်။ သူတို့ လူမှားတဲ့အတွက် တောင်းပန်ပါတယ်ပေါ့။ ထိရောက်စွာအရေးယူပေးပါ့မယ်ပေါ့။ ဆန္ဒရှိတာကိုလည်း ပြောပါလို့ ပြောတဲ့အခါမှာ ကျမတို့ကတော့ အခုအချိန်ကတော့ ဘာပဲပြောပြော ကျမတို့ ပြည်သူလူထုနဲ့ စစ်ဘက်ဆိုတာက နည်းနည်း သဟဇာတ မဖြစ်နေတဲ့အချိန်ဆိုတော့ ဘာပဲဖြစ်ဖြစ် အရပ်ဘက်လွှဲပေးပြီးမှ အခုလို ထိရောက်စွာအရေးယူပေးတဲ့အခါကျရင်တော့ အားလုံးက နောင်ကြဉ်သွားမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် အခုလို သူတို့ တရားဥပဒေအရ စီစဉ်ဆောင်ရွက်ပေးတာလည်း အားလုံးအတွက် အင်မတန်မှ ကောင်းပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တပ်မတော်သားကျူးလွန်နဲ့အမှုမျိုးတွေဟာ တပ်မတော်ဥပဒေအရ စစ်ဆေးလေ့ရှိပြီး အရပ်ဘက်တရားရုံးကို လွှဲပြောင်းပေးမှသာ အရပ်ဘက်တရားရေးပိုင်းက လုပ်ထုံးလုပ်နည်းအရ စစ်ဆေးစီရင်နိုင်မှာဖြစ်တယ်လို့ ဒီအမှု ကို ရုံးတင်စစ်ဆေးစက ဒီဗွီဘီကို ဖြေဆိုခဲ့ဖူးပါတယ်။

ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက တာဝန်ရှိသူတဦးကတော့ အစိုးရနဲ့ ကေအိုင်အို ပြန်တိုက်ကြတဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစလို့ သုံးနှစ်အတွင်းမှာ ကချင်နဲ့ရှမ်းပြည်နယ်တွေထဲက ကချင်အမျိုးသမီးတွေ မတရားကျင့်ခံရမှု၊ အသတ်ခံရမှု ၇၃ မှု ရှိခဲ့ပြီး အဲဒီထဲက ၃-၄ မှုလောက်ပဲ တရားခွင်ပေါ် ရောက်ခဲသေးတယ်လို့ ပြောပါတယ်။ ကျန်အမှုတွေကတော့ ခြိမ်းခြောက်ခံရတာ၊ လျော်ကြေးအနည်းငယ်နဲ့ ကျေအေးခဲ့တာ၊ တချို့အမှုတွေမှာတော့ တရားခွင်ရောက်ဖို့ အခွင့်အလမ်း မရှိတာတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013