DVB Logo
Home
မြန်မာသတင်း
တန့်ဆည်နှင့် ချောက်က ပြည်သူ့စစ်နှင့် တပ်သားသစ်တို့ လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
DVB
·
May 17, 2025
တန့်ဆည်နှင့် ချောက်က ပြည်သူ့စစ်နှင့် တပ်သားသစ်တို့ လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
1 / 2
Donate to DVB

တန့်ဆည်နဲ့ ချောက်မြို့မှာ ပြည်သူ့စစ်နဲ့ ပေါ်တာဆွဲခံရတဲ့တပ်သားသစ်တို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ မေ ၁၂ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၅၂ (ပေါ်ဦးစစ်ကြောင်း) ဆီကနေ သိရပါတယ်။

ပေါ်ဦးစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံက “တန့်ဆည်မြို့ပေါ်မှာ အခြေစိုက်တဲ့ ခမရ ၃၆၁ တပ်ရင်းမှ ပစ (ပြည်သူ့စစ်) ၂ ယောက် က MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက်အပိုတွေကျည်ဆံတွေနဲ့အတူ အလင်းဝင်လာခဲ့တာပါ” လို့ ပြောပါတယ်။

အလင်းဝင်လာကြသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှင့်ပေးထားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗျူဟာ ၅၂ (ပေါ်ဦးစစ်ကြောင်း) ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ မနှင်းဆီ ကလည်း “သူတို့တွေဟာ တပ်တွင်းထဲမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်တာတွေနဲ့ မတရားလုပ်ကိုင်တာတွေမခံနိုင်တာတော့လို့ အမြင်မှန်ရပြီး ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာခဲ့ကြတာပါ။ အရင်တခါ လက်နက်မဲ့ အလင်းဝင်လာကြတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ဆိုရင် စုစုပေါင်း ၄ ယောက်ရှိပြီ။ သူတို့တွေအားလုံးကို နွေးနွေးထွေးထွေးကြိုဆိုဆက်ဆံပေးခဲ့တယ်။ အခုတော့ သူတို့အားလုံး လွတ်မြောက်နေရာကို ရောက်သွားကြပါပြီ” လို့ DVB ကို ပြောပါတယ်။

မကွေးတိုင်း၊ ချောက်မြို့ပေါ်ကနေ ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေရသူ ၁ ယောက်ဟာလည်း လက်ပစ်ဗုံးတွေနဲ့အတူ မေ ၁၅ ရက်နေ့မှာ အလင်းဝင်ရောက်လာတယ်လို့ People Defence Force Chauk (သခင်ဖိုးလှကြီးတပ်ဖွဲ့) ဆီကနေ သိရပါတယ်။

သခင်ဖိုးလှကြီးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက “သူက ချောက်မြို့နယ်ဇာတိပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ချောက်မြို့ပေါ်ကိုစျေးဝယ်တက်လာရင်း ပေါ်တာဆွဲခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်တောင်ပိုင်းက ကျိုင်းတောင်းအခြေစိုက် အမှတ် ၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့ဆောင်ခံခဲ့ရပြီးတော့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၀ သင်တန်းကို ၂ လခွဲတက်ရောက်ခဲ့ရပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူ အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်ထူး ဟာ ရှေ့တန်းနယ်မြေကို ပို့ဆောင်ခံရတုန်း ယာယီနားခိုတဲ့စစ်ကာင်စီတပ်ရင်းထဲကနေ လက်ပစ်ဗုံး ၂ လုံးယူဆောင်ပြီး ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

သခင်ဖိုးလှကြီးတပ်ဖွဲ့တာဝန်ခံက “ကိုကျော်ထူး က ကျိုင်းတောင်းကနေ သင်တန်းဆင်းတော့ ဟဲဟိုးက ခမရ ၁၈ ကို အပို့ခံခဲ့တယ်။ အဲဒီကနေ အခုလဆန်းပိုင်းမှာ မွန်နဲ့ကရင်ပြည်နယ်ထဲက ရှေ့တန်းစစ်မြေပြင်ကိုပို့တော့ သန်လျင် က ခလရ ၁၃၉ တပ်ရင်းထဲမှာ ယာယီတည်းခိုနေရတဲ့အချိန် လက်ပစ်ဗုံး ၂ လုံးယူပြီး ထွက်ပြေးလာရင်းနဲ့ ကျနော်တို့တပ်ဖွဲ့ဆီကို ဆက်သွယ်ပြီးတော့မှ အလင်းဝင်လာတာဖြစ်ပါတယ်။ ကျနော်တို့တပ်ဖွဲ့ဆီကို အလင်းဝင်လာတာကတော့ သူက ပထမဆုံးပါပဲဗျ” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ အလင်းဝင်ရလာတဲ့ ကိုကျော်ထူး ကို သခင်ဖိုးလှကြီးတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013