
မင်းလှနဲ့ ပျဉ်းမနားမြို့နယ်တို့မှာ ငွေကျပ်သန်း ၁၆,၂၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ စိတ်ပြောင်းတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီက မေ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ဟာ မေ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲရွာနားမှာ သတင်းအရစောင့်ဆိုင်းနေတုန်း မင်းလှဘက်ကနေ မင်းတုန်း ဘက်ကို ပြည့်ဖြိုးကျော် မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာတဲ X-TRAIL ကားနဲ့ ရန်နိုင်ထွဋ် မောင်းနှင်ပြီး တင်လတ် လိုက်ပါလာတဲ့ Surf ကားတို့ကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ကား ၂ စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး သူတို့ရဲ့ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့ကနေ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို ဆေးပြားတွေ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နဲ့ မျိုးဇော်အောင် တို့ရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာသုံးခဲ့တဲ့ အသုံးပြုခဲ့တဲ့ Tyota Hilux Surf ကားကို ပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်က သူတို့ရဲ့ အိမ်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
မျိုးဇော်အောင်နဲ့ မနန်း(ခ)မျိုးသီရိကျော် တို့ဟာ ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းရွာက အောင်နိုင်ရဲ့ နွားခြံစတိုထဲမှာ ကရင်ပြည်နယ်ကိုပို့မယ့် မူးယစ်ဆေးဝါးတွေ ဝှက်ထားတယ်ဆိုတာသိရလို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က မေ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ အောင်နိုင် နဲ့ ဇော်ဝင်းတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနဲ့ စိတ်ပြောင်းဆေးဝါးတွေ ရောစပ်ထားတဲ့ Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မေ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေတင်ဆောင်ပေးသူ ထွန်းလင်း(ခ)ရှမ်းကုလား ကို ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ ဆိုင်ကယ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့သေးပြီး သူတို့ကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာကနေရတဲ့ သူတို့ရဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Photo : CCDAC MYANMAR