
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်နဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်တာကြောင့် ထိုင်းဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်း ပိတ်ထားရတယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာဟာ ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာခန့်အကွာသာရှိပြီး မနေ့ကနေ ဒီကနေ့ မေလ ၁၆ ရက် မနက် ၅ နာရီထိ ပစ်ခတ်သံ၊ လက်နက်ကြီးပေါက်ကွဲသံတွေကို ထာ့ဆောင်ယန်းမြို့နယ် မယ်လအုပ်စုကနေ အတိုင်းသားကြားနေရတယ်။
ဒါကြောင့် မယ်လအုပ်စု ဘန့်မယ့်လနဲ့ မယ်အောက်ဖလူးအုပ်စုက အစိုးရစာသင်ကျောင်း ၂ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ သက်ဆိုင်ရာပညာရေးဌာနက ညွှန်ကြားထားပါတယ်။
ထိုင်းနိုင်ငံတဝန်းလုံးမှာ ဒီကနေ့ဟာ နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းတွေ စတင် ပြန်ဖွင့်ပေမဲ့ အဆိုပါကျောင်း ၂ ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေကတော့ ကျောင်းမတက်နိုင်သေးပါဘူး။
ဒါ့အပြင် တိုက်ပွဲပြင်းထန်တာကြောင့် မြန်မာဘက်ခြမ်းက စစ်ဘေးရှောင် ၄၀၀ ကျော် ထိုင်းဘက်ခြမ်းကို မနေ့က ဝင်ရောက်ခိုလှုံလာပါတယ်။
မယ်လထိုင်းအုပ်စု မယ်လထိုင်းရွာမှာ ၁၅၉ ယောက်၊ မယ်အောက်ဖလူရွာမှာ ၂၅၅ ယောက် စစ်ဘေးရှောင်ထွက်ပြေး ခိုလှုံလာလို့ ထိုင်းတာဝန်ရှိသူတွေက လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးနေတယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
Source: MCOT News