
ရှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ မြေရှားသတ္တုတူးဖော်နေတယ်လို့ SHRF ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်အဖွဲ့အစည်းက မေ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဂြိုဟ်တုဓာတ်ပုံမှ တွေ့ရှိချက်အရ အဆိုပါမြေရှားသတ္တုတွင်းဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ တည်ရှိတယ်။
သတ္တုတွင်း ၂ ခုရဲ့ ပုံရိပ်ကို ထင်ရှားစွာတွေ့ရပြီး အဆိုပါ သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းတွေဟာ နမ့်ခုတ်မြစ်ထဲ စီးဝင်တာကြောင့် ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေတယ်၊ နမ့်ခုတ်မြစ်ဟာ ထိုင်းနိုင်ငံဘက်ကိုပါ စီးဆင်းနေတာကြောင့် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူပေါင်း ၁ သန်းကျော်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာမယ့်အရေး စိုးရိမ်ဖွယ်ရာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီသတ္တုတွင်းတွေဟာ ကချင်ပြည်က တရုတ်ကုမ္ပဏီတွေ တူးဖော်နေတဲ့ ပုံသဏ္ဌာန်တူတယ်၊ သဘာဝဝန်းကျင်ကို ထိခိုက်စေတဲ့ in situ leaching နည်းလမ်းအသုံးပြုတယ်၊ တောင်တွေကို အပေါက်ဖောက်ပြီး ပိုက်လုံးကနေတဆင့် ဓာတုပစ္စည်းတွေ လောင်းထည့်တယ်၊ ပြီးတော့ ဓာတုရည်တွေ ကန်ထဲပြန်ထည့်ပြီး မြေရှားသတ္တု ထုတ်ယူတယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုမှတ်တမ်းပုံဟောင်းတွေအရ မိုင်းဆတ်မြို့နယ်က မြေရှားသတ္တုတွင်းကို ၂၀၂၃ ခုက တနေရာ၊ ၂၀၂၄ နှစ်လယ်ပိုင်းက တနေရာတွေ့ရှိတယ်။ သတ္တုတူးဖော်တာကြောင့် မြေပြိုတာ၊ မြေပေါ်မြေအောက် ရေအဆိပ်သင့်တာ၊ ငါးနဲ့ တောရိုင်းတိရစ္ဆာန်တွေ သေဆုံးတာနဲ့ စိုက်ပျိုးပင်တွေ ထိခိုက်တာတွေ ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါဒေသမှာ ရွှေလည်းတူးဖော်နေတာကြောင့် နဂိုက အဆိပ်သင့်နေတဲ့ နမ့်ခုတ်မြစ်ကို ပိုမိုဆိုးရွားစွာ ညစ်ညမ်းစေတယ်။ နမ့်ခုတ်မြစ်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း စတဲ့ခရိုင်တွေထဲ ဖြတ်သန်းပြီး မဲခေါင်မြစ်ထဲ စီးဝင်တာကြောင့် မြစ်ကမ်းတလျှောက်ရှိ နှစ်နိုင်ငံပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ အဆောတလျင် စုံစမ်းကာ အများပြည်သူတွေကို ထုတ်ဖော်ပြသဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
Source: SHRF