DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲ၊ ကျောက်တော်မြို့ခံ သောင်းချီ ထွက်ပြေးနေရ
DVB
·
May 16, 2025
ရခိုင်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲ၊ ကျောက်တော်မြို့ခံ သောင်းချီ ထွက်ပြေးနေရ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့တို့ကို စစ်ကောင်စီက မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၂၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ၃၇ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ သေဆုံးသူ ၁၂ ယောက်၊ ကျောက်တော်မြို့မှာ မေ ၁၄ ရက်က သေဆုံးသူ ၃ ယောက်၊ မေ ၁၅ ရက်က သေဆုံးသူ ၅ ယောက်ရှိခဲ့ပြီး ထွန်းရဝေကျေးရွာမှာ ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ယောက်ရှိခဲ့ကာ ကျောက်တော်မြို့မှာ ၁၄ ယောက် ရှိခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့ကို စစ်ကောင်စီက မေ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချခဲ့တာဖြစ်ပြီး သောင်းနဲ့ချီတဲ့ မြို့ခံတွေဟာ လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ကျောက်တော်မြို့ခံတယောက်က ပြောပါတယ်။

“မြို့မှာတော့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတာကြောင့် မြို့ခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးနေကြတာရှိတယ်။ အရင်ကဆိုရင် တခါ ဗုံးကြဲရင် နောက်ထပ် နှစ်လ သုံးလ ကြာမှ နောက်ထပ် လာကြဲတတ်တာ။ အခုက ရက်ဆက်ဆိုတော့ လူတွေက မနေရဲကြတော့ဘူး။ ဗုံးကြဲတဲ့ နေရာကလည်း အရပ်သားတွေနေတဲ့ လူနေရပ်ကွက်တွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လာပစ်နေတော့ မြို့ခံတွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရတယ်။”

ကျောက်တော်မြို့မှာ မေ ၁၅ ရက်က စစ်ကောင်စီဗုံးကြတာကြောင့် ဦးထွန်းအောင်စိန် (၅၂ နှစ်)၊ ဦးမောင်စံရွှေ (၅၀ နှစ်)၊ ဦးဇော်ဦးဝင်း (၃၀ နှစ်)၊ ဦးမောင်ခင်သန်း (၄၂ နှစ်) နဲ့ ဒေါ်ရွှေကြာစိန် (၆၃ နှစ်) တို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၄ ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ‌ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့ဟာ အာရက္ခတပ်တော် သိမ်းပိုက်ပြီးနောက်မှာ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့တမြို့ဖြစ်လာပြီး အိန္ဒိယဘက်က ကုန်စည်တွေကို အဓိက ဖြန့်ဝေရောင်းချနေတဲ့မြို့လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ကျောက်တော်မြို့ ရွာမရပ်ကွက်ကို မေ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာပါ။

ကျောက်တော်မြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း၊ အခုလုပ်ရပ်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း အာရက္ခတပ်တော်က မေ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိရောက်စွာ ပေးနိုင်ဖို့အတွက် တဖက်သတ် အပစ်ရပ်ကာလကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချပြီး လုပ်ရပ်တိုင်းကိုလည်း ကောင်းစွာ မှတ်တမ်းတင်ထားတယ်လို့ AA ဘက်က ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013